အထင်အမြင်လွဲမှားစေမယ့် အပြုအမူ အပြောအဆိုတွေ ရှောင် ရှားဖို့ ဦးဝင်းမြင့် သတိပေး
2017.01.30

ငြိမ်းချမ်းရေးရရှိဖို့ စုပေါင်းဆွေးနွေးအဖြေရှာနေကြတဲ့ ကာလမှာ အချင်းချင်းစိတ်ဝမ်းကွဲပြီး အထင်အမြင်လွဲမှားစေ မယ့် အပြုအမူ၊ အပြောအဆိုတွေကို သတိပြုရှောင်ရှားကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က လွှတ်တော် ကိုယ်စားလှယ်တွေကို သတိပေးလိုက်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ နှုတ်ခွန်းဆက်စကားပြောကြားစဉ် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ပြောခဲ့တာဖြစ်ပါတယ်။
"ထာဝရငြိမ်းချမ်းရေး ရရှိနိုင်ဖို့အတွက် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးက ငြိမ်းချမ်းရေးအတွက် စုပေါင်းဆွေးနွေး အဖြေရှာနေကြတဲ့ကာလမှာ ကျနော်တို့ ကိုယ်စားလှယ်များအနေနဲ့လည်း အချင်းချင်း စိတ်ဝမ်းကွဲပြားစေမယ့် အထင်အမြင်လွဲမှားစေမယ့် အပြုအမူ အပြောအဆိုတွေကို သတိပြုရှောင်ရှားကြစေလို ပါတယ်"
လွှတ်တော်မှာ တင်သွင်းတဲ့ မေးခွန်းတွေ အဆိုတွေ ဥပဒေကြမ်းတွေဟာ နိုင်ငံတော် ခေတ်မီဖွံ့ဖြိုး တိုးတက် ဖို့၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ မြှင့်တင်နိုင်ဖို့နဲ့ လူ့အဖွဲ့အစည်း စည်းလုံးညီညွတ်ဖို့ကို အမြဲဦးထိပ်ပန်ဆင် ဆောင် ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနဲ့ ၂၀၁၇ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း၊ ၂၀၁၇ ခုနှစ်ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကြမ်းတွေကို ကန့်သတ်ကာလအတွင်းမှာ အချိန်မီ ပြီးစီးအောင် ဆွေးနွေးကြဖို့နဲ့ ဆွေးနွေးတဲ့အခါမှာ နိုင်ငံနဲ့ ပြည်သူလူထု အကျိုးစီးပွားဖြစ်ထွန်းစေမယ့် စီမံကိန်းတွေကို စိစစ်လေ့လာကြဖို့ လိုအပ်ကြောင်းလည်း ဦးဝင်းမြင့် က ပြောပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက် ဒုတိယအကြိမ် ပုံမှန်လွှတ်တော်အစည်းအဝေးတွေကို လေးကြိမ်မြောက်အဖြစ် ဒီနေ့ ပြန်လည်စတင်ကျင်းပတာဖြစ်ပါတယ်။