လယ်ယာမြေအရေး တောင်သူတွေ မနစ်နာအောင် ဖြေရှင်းပေးဖို့ သမ္မတ တိုက်တွန်း
2018.10.06
သိမ်းဆည်းခံ လယ်ယာမြေတွေအရေးကို တောင်သူတွေ နစ်နာမှုမရှိရေးအတွက် အဂတိတရားကင်းကင်းနဲ့ အမြန်ဆုံးဖြေရှင်းကြဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဒီနေ့ မကွေးတိုင်းအတွင်းက ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ တွေ့ဆုံစဉ် တိုက်တွန်းလိုက်ပါတယ်။
သမ္မတ ဦးဝင်းမြင့်ဟာ မကွေးမြို့ မြို့တော်ခန်းမမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်က တာဝန်ရှိသူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး အစိုးရဝန်ထမ်းတွေအနေနဲ့ လုပ်ပိုင်ခွင့် အာဏာအရပဲဖြစ်စေ၊ ငွေကြေး တစ်စုံတစ်ရာ အဂတိလိုက်စားပြီးဖြစ်စေ နှောင့်နှေးကြန့်ကြာအောင် မလုပ်ဖို့ သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
"တချို့က ဟိုတုန်းကလို ငါတို့ဆီလာမှ ငါတို့ကိုကပ်မှ ငါတို့ကိုမုန့်ဖိုးပေးမှ အဲဒီလို ပုံစံ ၇ တို့၊ ပုံစံ ၁၀၅ တို့ထုတ်ပေးလိုက်မယ်၊ ဒီလိုစိတ်ထဲတော့ မထားပါနဲ့။ ကျနော်ပြောမယ်။ ထမင်းတစ်နပ်၊ ဟင်းတစ်ဖတ်အတွက် ကြည့်မယ်ဆိုရင်တော့ တိုင်လာရင် အဂတိနဲ့ ငြိစွန်းသွားပါလိမ့်မယ်။ ဒါ ရိုးရိုးလေးပဲပြောတာ။ အဲဒါဆိုလို့ ရှိရင်တော့ ကျနော်တို့က နိုင်ငံဝန်ထမ်းတွေအနေနဲ့ ကိုယ့်သိက္ခာကို ကိုယ့်ရဲ့ရိက္ခာနဲ့ လဲသလိုဖြစ်ပါတယ်။ ဒါမဖြစ်သင့်ပါဘူး၊ ဒါမျိုးကို ဂရုစိုက်သင့်ပါတယ်"
မကွေးတိုင်းအတွင်း စိစစ်ဆဲ လယ်ယာမြေအမှု ၆ မှုသာ ကျန်ရှိပြီး တရားရုံးမှာ ရင်ဆိုင်နေရဆဲ အမှု ၂၀၀ ကျော် ကျန်ရှိနေတယ်လို့ သိရပါတယ်။
မကွေးတိုင်းအတွင်းမှာ သိမ်းဆည်းခံ လယ်ယာမြေတွေနဲ့ ပတ်သက်လို့ ဌာနဆိုင်ရာတွေရဲ့ သိမ်းဆည်းမှု၊ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ သိမ်းဆည်းမှုတွေကို ဖြေရှင်းဆောင်ရွက်ပြီးသလောက်ရှိပေမယ့် တပ်သိမ်းမြေယာတွေကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးဘူးလို့ သိမ်းဆည်းခံ လယ်ယာမြေနဲ့ အခြားမြေများ စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးအောင်ကျော်ကျော်က ပြောပါတယ်။