တရုတ်နဲ့ အမေရိကန်က သမ္မတအသစ်ကိုဂုဏ်ပြု
2018.03.29

သမ္မတအဖြစ် ဦးဝင်းမြင့် ရွေးချယ်ခံရတာကို ဝမ်းမြောက်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင်းပင် Mr. Xi Jinping က မတ်လ ၂၈ ရက်နေ့ ရက်စွဲနဲ့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့လိုက်ပါတယ်။
၁၀ ဦးမြောက် သမ္မတ ဦးဝင်းမြင့်ရဲ့ ဦးဆောင်မှုနဲ့ မြန်မာအစိုးရနဲ့ ပြည်သူ ပြည်သားတွေဟာ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းကာကွယ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်တွန်းအားပေးရေး၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး စတဲ့ နယ်ပယ်တွေမှာ အောင်မြင်မှုအသစ်တွေ ရရှိနိုင်မယ်လို့ ယုံကြည်ထားကြောင်း အဲဒီ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တရုတ်သမ္မတက နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားကြောင်း၊ အစဉ်အလာ ချစ်ကြည်ရေးနဲ့ အပြန်အလှန် အကျိုးဖြစ်ထွန်းစေတဲ့ ပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုှုင်းစေရေးအတွက် တရုတ်-မြန်မာဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နောက်တဆင့် မြှင့်တင်ပေးနိုင်ဖို့နဲ့ နှစ်နိုင်ငံပြည်သူတွေ ရဲ့ အကျိုးစီးပွားကို ပိုမိုဆောင်ကျဉ်းပေးနိုင်ဖို့ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်တွေ နီးကပ်စွာ အပြန်အလှန် ဆက်ဆံခဲ့ကြပြီး လက်တွ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခဲ့ကြောင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ နီးနီးကပ်ကပ် တိုင်ပင်ညှိနှိုင်း ခဲ့တယ်လို့ အဲဒီသဝဏ်လွှာမှာ ပါရှိပါတယ်။
အလားတူ မြန်မာနိုင်ငံ အခြေစိုက် အမေရိကန်သံရုံးရဲ့ ဖေ့ဘွတ်စာမျက်နှာမှာလည်း နိုင်ငံတော် သမ္မတအဖြစ် ဦးဝင်းမြင့် ရွေးချယ်ခံခဲ့ရတာကို ဝမ်းမြောက်ကြောင်း၊ ငြိမ်းချမ်းသာယာပြီး ဒီမိုကရေစီနည်းကျတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးနဲ့ ခိုင်မာဖွံ့ဖြိုးတိုးတက်ပြီး အားလုံးပါဝင်နိုင်တဲ့ စီးပွားရေးကို အကောင် အထည်ဖော်နေတဲ့ မြန်မာနိုင်ငံကို အားပေးထောက်ခံသွားဖို့ အမေရိကန်နိုင်ငံက သန္နိဌာန်ချထားတယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။