ဦးဝင်းမြင့် ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်
2018.03.28

ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ ၁၀ ဦးမြောက် သမ္မတအဖြစ် ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၄၀၃ ဦးက မဲပေး ရွေးချယ်လိုက်ပါတယ်။
ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း ဦးဝင်းမြင့် တို့ထဲက တစ်ဦးကို နိုင်ငံတော် သမ္မတအဖြစ် ဒီနေ့ ရွေးချယ်တင်မြှောက်တာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ၆၃၆ က လျှို့ဝှက်ဆန္ဒမဲပေးပြီး ရွေးချယ်ရာမှာ သူတို့သုံးဦးထဲမှာ ဦးဝင်းမြင့် က ထောက်ခံမဲ ၄၀၃ မဲရရှိကာ မဲအများဆုံးနဲ့ နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတာပါ။
ဦးဝင်းမြင့်က ၄၀၃ မဲ၊ ဦးမြင့်ဆွေ က ၂၁၁ မဲ နဲ့ ဦးဟင်နရီဗန်ထီးယူက ၁၈ မဲ ရရှိခဲ့ပြီး ပယ်မဲ ၄မဲ ရှိခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၆၅၇ ရှိရာမှာ ဒီနေ့ လွှတ်တော်ကို တက်ရောက်တဲ့ ကိုယ်စားလှယ် ၆၃၆ ဦးက မဲပေးခဲ့တာဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီက ၃၈၇ ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၄၄ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦး နဲ့ တခြားပါတီက ကိုယ်စားလှယ်တွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် အယောက် ၆၀ ရှိပါတယ်။ ဦးဝင်းမြင့်ကို အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်တွေအပြင် တခြား လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ထောက်ခံမဲပေးခဲ့တဲ့ အနေအထားဖြစ်ပါတယ်။
သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဦးဝင်းမြင့်က ပြည်သူ့အကျိုးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ထမ်းဆောင်မယ် လို့ ဒီကနေ့ ပြည်ေထောင်စုလွှတ်တော်အပြီးမှာ ပြောခဲ့ပါတယ်။
ဒီကနေ့ ရွေးချယ်တင်မြှောက်ပွဲကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီးတချို့က လေ့လာသူအဖြစ် တက်ရောက်ကြပါတယ်။
သမ္မတသစ် ဦးဝင်းမြင့်ဟာ လာမယ့် မတ်လ ၃၀ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီး မိန့်ခွန်ပြောကြားမှာဖြစ်ပါတယ်။