မူဝါဒတွေမပြောဘဲ တိတိကျကျဖြေဖို့ ဦးဝင်းမြင့် သတိပေး


2017.11.22
winmyint-622.jpg ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကို တွေ့ရစဉ်
Photo: Pyithu Hluttaw/ Facebook

လယ်ယာမြေနဲ့ အခြားမြေတွေ သိမ်းဆည်းခံရမှုတွေနဲ့ပတ်သက်ပြီး အောက်ခြေမှာ ဖြစ်ပျက်နေတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးနေတာ အာပေါက်တော့မှာဖြစ်ပြီး ဝန်ကြီးဌာနတွေအနေနဲ့ မူဝါဒတွေ ပြောနေတာထက် တိတိကျကျဖြေဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ဒီနေ့ သတိပေး လိုက်ပါတယ်။

သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေနဲ့ မြေလွတ် မြေလပ် မြေရိုင်းတွေမှာ လုပ်ပိုင်ခွင့် အမျိုးမျိုး ရယူထားတဲ့နေရာတွေမှာ မူလတောင်သူတွေနဲ့ လုပ်ပိုင်ခွင့်ရထားသူတွေအကြား မြေယာအငြင်းပွားမှုတွေကို ပြန်လည်စိစစ်ရေးကော်မတီတွေ ဖဲ့ွစည်းဖြေရှင်းပေးဖို့ တိုက်တွန်းတဲ့အဆိုကို ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၆ ဦးနဲ့ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ရှင်းလင်းပြီးနောက် ဦးဝင်းမြင့် က အခုလို သတိပေး ခဲ့တာဖြစ်ပါတယ်။

"လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများနဲ့ စပ်လျဉ်းပြီးတော့ ကျနော်တို့ကိုယ်စားလှယ်တွေ အောက်ခြေမှာထဲထဲဝင်ဝင် ထိတွေ့ပြီးတော့ အောက်ခြေရဲ့အခြေအနေမှန်ကို သိပြီးတော့ လွှတ်တော်ထဲ မှာပြောနေတာ ကိုယ်စားလှယ်တွေ အာပေါက်တော့ပါမယ်၊ ဝန်ကြီးဌာနတွေ သဘောပေါက်ဖို့တော့လိုပါပြီ၊ ကျနော်တို့ကိုယ်စားလှယ်တွေက ကိုယ့်မဲဆန္ဒနယ်မှာ ကိုယ့်ရပ်ကွက်မှာ ကိုယ့်ကျေးရွာမှာ အောက်ခြေမှာ တကယ်ဖြစ်ပျက်နေတာတွေကိုသိလို့ အခြေအနေမှန်တွေကို အဲဒီလွှတ်တော်မှာ အာပေါက်လောက်အောင်ပြောနေတယ်၊ ဝန်ကြီးဌာနတွေက ပြန်လည်ဖြေတဲ့အခါမှာ မူဝါဒတွေ သဘော ထားတွေ ယေဘုယျခြုံငုံပြီးတော့ အပေါ်ယံရှပ်ပြီးတော့ ဖြေမှာထက် မူဝါဒတွေ စိစစ်ရမယ့်အချက်တွေအပေါ်မှာ အကောင်အထည်ဖော်ဖို့ ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့တော့ လိုအပ်ပါတယ်"

လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုတွေကို စိစစ်တဲ့အခါမှာ ပြန်လည်စွန့်လွှတ်ရမယ့်မူဝါဒတွေ စီစစ်ရမယ့်အချက်တွေကို လွှတ်တော်ဘက်က ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ထားပြီးသားဖြစ်တဲ့အတွက် အဲဒီမူဝါဒတွေကို မရှင်းမလင်း မပြတ်မသားဖြစ်အောင် ချမှတ်တာကို လက်မခံနိုင်ကြောင်းလည်း ဝန်ကြီးဌာနကို သတိပေးခဲ့ပါတယ်။

အဆိုကို ပါဝင်ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ကြုံတေ့ွရတဲ့ တောင်သူတွေရဲ့ အခက်အခဲတွေ တရားရင်ဆိုင်နေရတာတွေကို တင်ပြဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အောက်ခြေမှာ တောင်သူတွေဟာ လယ်မြေအသိမ်းခံရပြီး တရားလည်းအစွဲခံရသလို ထောင်ကျနေတာတွေ ရှိနေတဲ့အတွက် တောင်သူတွေကို ကိုယ်ချင်းစာဖို့လည်း ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လွှတ်တော်သက်တမ်း ၂ နှစ်ရှိတော့မှာဖြစ်ကြောင်း၊ လယ်ယာမြေ ပြဿနာတွေကို ဆွေးနွေးနေတာ ကြာမြင့်နေပြီဖြစ်ကြောင်းနဲ့ နောင်မှာ လယ်ယာမြေ ရာခိုင်နှုန်းဘယ်လောက်ကို စွန့်လွှတ်ပြီး ဘယ်လောက်ကို ပြန်ပေးပြီးပြီလဲဆိုတာတွေကို တိတိကျကျ ဖြေဖို့လိုကြောင်း ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။

အဆိုကို လာရောက်ရှင်းလင်းခဲ့တဲ့ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက လယ်ယာမြေ သိမ်းဆည်းခံရမှုတွေကို ဆောင်ရွက်နေကြောင်း တင်ပြခဲ့ပြီး အဆိုကို မှတ်တမ်းတင်ဖို့ သဘောထားပေးခဲ့ရာ အဆိုတင်သွင်းသူနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သဘောတူတဲ့အတွက် လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။