ဦးဝင်းထိန်က ပါတီတာဝန် ဆက်ထမ်းဆောင်ဖို့ သင့် မသင့် ဆုံးဖြတ်ပေးဖို့ CEC ကို စာပို့

NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ဟာ ပါတီကနေ နုတ်ထွက်ခွင့် တင်ထားခြင်းမဟုတ်ဘဲ သူ့အနေနဲ့ ပါတီမှာ ဆက်ပြီးတာဝန်ထမ်းဆောင်ဖို့ သင့်မသင့် ဆုံးဖြတ်ပေးဖို့ ပေးပို့တာဖြစ်တယ်လို့ ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးက ဒီနေ့ ပြောပါတယ်။

အဲဒီစာကို သြစတြေးလျမှာရောက်ရှိနေတဲ့ ဦးဝင်းထိန်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီကို ပေးပို့ခဲ့တာဖြစ်တယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

"စာကတော့ နုတ်ထွက်ခွင့်ပြုဖို့ဆိုပြီး တိုက်ရိုက်ကြီး မဟုတ်ဘူးခင်ဗျ၊ သူပါတီမှာ လုပ်ဆောင်တာနဲ့ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ပေးဖို့ဆိုတဲ့ သဘောမျိုးဖြစ်နေပါတယ်၊ အဲဒီတော့ ကျနော်တို့က ဒါကို မဆုံးဖြတ်သေးဘူးလေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မေးသင့်မေးထိုက်တဲ့ ပုဂ္ဂိုလ်တွေအကုန်လုံးကို မေးထားပြီးတော့ သူတို့ဆီက ထင်မြင်ချက်တွေရတော့မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က နောက်ဆုံးဆုံးဖြတ်ချက် ကို ချဖို့ရှိပါတယ်"

အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးဝင်းထိန်ဟာ သားဖြစ်သူ မင်္ဂလာဆောင်အပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့က သြစတြေးလျနိုင်ငံကို ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

သြစတြေးလျကိုမသွားခင်မှာ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် သြစတြေးလျကို ထွက်ခွာသွားပြီး တစ်လအကြာမှာ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီထံ စာပေးပို့ခဲ့ တာဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ပါတီဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အစိုးရတာဝန်တွေကို ထမ်းဆောင်တဲ့အချိန်ကစပြီး ဦးဝင်းထိန်ဟာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူးအနေနဲ့ ပါတီထိပ်ပိုင်းတာဝန်တွေကို ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။