ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ် ကို ဖြစ်ရမယ်လို့ ပြော
2016.03.01

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတဖြစ်ကို ဖြစ်ရမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောလိုက်ပါတယ်။
ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးအပြင် လက်ရှိအစိုးရတာဝန်လွဲှပြောင်းရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ဦးဝင်းထိန် က ဒေါ်အောင်ဆန်းစုကြည်ဟာ အနှေးနဲ့ အမြန် သမ္မတဖြစ်လာမယ်လို့ ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ့်ကိစ္စ ဖြစ်ကိုဖြစ်မှာ၊ ရှိတာ၊ မရှိတာနဲ့ ဘာမှမဆိုင်ဘူး၊ နှေးတာနဲ့ မြန်တာ ဒီနှစ်ခုပဲကွာတယ်၊ ကိုယ့်ဘာသာတွက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖတ်၊ နည်းဥပဒေတွေဖတ်၊ ဖြစ်လာမှာပေါ့၊ အခုဖြစ်ဖို့လုပ်နေတာ"
အများက ထင်ကြေးပေးပြောနေကြတဲ့ ကောလာဟလတွေများလာတာကြောင့် အရင်က ဒုတိယသမ္မတ တင်မြှောက်ရေးအတွက် အစုအဖွဲ့အလိုက် စတင်ဆွေးနွေးဖို့ ရက်ကို မတ်လ ၁၇ ရက်နေ့လို့ သတ်မှတ်ထားတာကို မတ်လ ၁၀ ရက်အဖြစ် ပြည်ထောင်စုလွှတ်တော်က ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နေပြည်တော်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ပုဒ်မ ၅၉ (စ) ကိစ္စကို ဆွေးနွေးတာ မဟုတ်ဘဲ ပုံမှန်ကျင်းပနေကြ အစည်းအဝေးသာ ဖြစ်တယ် လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့က တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အားလုံးက ဘာတွေလုပ်ပေးနိုင်မလဲဆိုတာနဲ့ အကြံပေးကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။