ဝီကီလိခ် ဖေါ်ပြချက် ဖဒိုမန်းရှာ မိသားစု လက်မခံ
2011.09.05

(Photo: AFP)
အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ မှတ်တမ်းတွေကို ဖွင့်ချနေတဲ့ ဝီကီလီခ် သတင်းတွေထဲမှာ KNU ကရင် အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာကို လုပ်ကြံ သတ်ဖြတ်သူတွေထဲမှာ ကွယ်လွန်သူ KNU ဥက္ကဌကြီး စောဗိုလ်မြ ရဲ့သား
ဗိုလ်မှူး နာဒါမြ လည်း ပါဝင်ကြောင်း ကောလဟာလ သတင်း ထွက်နေတယ်လို့ စစ်အစိုးရ ထောက်လှမ်းရေး အရာရှိ တဦးကို ကိုးကားပြီး ဒေါက်တာ စောဆိုင်မွန်သာ က အမေရိကန် သံရုံးကို ပြောဆိုခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ်။
ဒီကိစ္စနဲ့ပါတ်သက်ပြီး ဖဒိုမန်းရှာရဲ့ သမီးလည်းဖြစ် အခုအခါ အင်္ဂလန်နိုင်ငံမှာ မြန်မာအရေး ဆောင်ရွက်နေတဲ့ Burma Campaign ရဲ့ တာဝန်ခံ တဦးဖြစ်တဲ့ မဇိုရာဖန်းက အခုလို ပြောပါတယ်။
" ဒေါက်တာ စောဆိုင်မွန်သာ ဘာရည်ရွယ်ချက်နဲ့ ပြောဆိုသလဲ ဆိုတာတော့ ကျမတို့ မသိရပါဘူး၊ ဒါပေမဲ့ ဒီကိစ္စကြောင့် ကျမတို့ ကရင် တိုင်းရင်းသား အချင်းချင်းကြားမှာ စည်းလုံး ညီညွတ်မှု ထိခိုက်သွားမှာ စိုးရိမ်မိပါတယ်၊ ကရင် တိုင်းရင်းသားတွေ
စိတ်ဝမ်းကွဲအောင် အာဏာရှင်က နည်းမျိုးစုံနဲ့ လုပ်နေခဲ့တာပါ၊ အခုလို သက်သေ အထောက်အထား မရှိတဲ့ ကောလဟာလကို ကျမတို့ဘက်က လက်မခံနိုင်ပါဘူး။"
မြန်မာ စစ်အစိုးရဟာ KNU နဲ့ တွေ့ဆုံ ဆွေးနွေးရေး အတွက် ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာစောဆိုင်မွန်သာကို ကြားလူ အနေနဲ့ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။