လေထုညစ်ညမ်းလို့ မြန်မာမှာ တစ်နှစ်ကို လူနှစ်သောင်းကျော် သေဆုံး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ လေ့လာတွေ့ရှိချက်တွေအရ ကမ္ဘာမှာ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူပေါင်း ခုနှစ်သန်းလောက်ဟာ အရွယ်မတိုင်ခင် သေဆုံးကြပြီး မြန်မာနိုင်ငံမှာတော့ တစ်နှစ်ကို လူပေါင်း ၂၂၀၀၀ သေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၁၉၊ ဇွန် ၃ ရက်နေ့က ကျင်းပတဲ့ "သန့်စင်သောလေ ရှုရှိုက်ဖို့ လေထုညစ်ညမ်းမှုကို တိုက်ဖျက်စို့" သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ ပိုစတာတစ်ခုကို တွေ့ရစဉ် Photo: Zarni Htun/ RFA

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ လေ့လာတွေ့ရှိချက်တွေအရ ကမ္ဘာမှာ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူပေါင်း ခုနှစ်သန်းလောက်ဟာ အရွယ်မတိုင်ခင် သေဆုံးကြပြီး မြန်မာနိုင်ငံမှာတော့ တစ်နှစ်ကို လူပေါင်း ၂၂၀၀၀ သေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်ဟာ ၂၀၁၆ ခုနှစ်က WHO ကနေ ထုတ်ပြန်ထားတာဖြစ်ပြီး အဲဒီအချက်ကို ကိုးကားကာ ဒီကနေ့ ရန်ကုန်မြို့ Junction City မှာ ကျင်းပတဲ့ သန့်စင်သောလေ ရှုရှိုက်ဖို့ လေထုညစ်ညမ်းမှုကို တိုက်ဖျက်စို့ဆိုတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ရှင်းလင်းပြောကြားကြ တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံအမတ်ကြီး Kristian Schmidt က မြန်မာနိုင်ငံအနေနဲ့ လေထုညစ်ညမ်းမှုတွေကို ဖြစ်စေတဲ့အချက်တွေကို လျော့ချဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

လောင်စာဆီလျော့သုံးပြီး လျှပ်စစ်ကားတွေ အစားထိုးအသုံးပြုဖို့၊ စက်ရုံအလုပ်ရုံတွေရဲ့ ပတ်ဝန်းကျင် သန့်ရှင်းစေဖို့၊ အိမ်တွေမှာ ထင်းတွေသုံးတာလျော့ချဖို့၊ တောင်ယာတွေမှာ မီးရှို့တာတွေကိုလည်း မလိုအပ်ဘဲ မလုပ်ကြဖို့အတွက် ပညာရှင်တွေက တိုက်တွန်းပြောကြားခဲ့ပါတယ်။

ကမ္ဘာပေါ်ကလူတွေမှာ လေထုညစ်ညမ်းမှုကြောင့် အဆုတ်ရောဂါ ၂၁ ရာခိုင်နှုန်း၊ အပူရှပ်တာ ၂၀ ရာခိုင်နှုန်း၊ နှလုံးနဲ့ဆိုင်တဲ့ရောဂါ ၃၄ ရာခိုင်နှုန်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ၁၉ ရာခိုင်နှုန်း ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org