လက်မှတ်ရေးထိုးပွဲမှာ ကျားဖြူပါတီပါဝင်ရေး ပါတီဝင်အမတ်တွေ ဆုံးဖြတ်မည်
2014.05.26

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မနက်ဖြန် နေပြည်တော် မြို့နယ် ၅ မြို့နယ်မှာ ကျင်းပမယ့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ရေး ထိုးပွဲမှာ မိမိတို့ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးရဲ့ သဘောတူညီချက်နဲ့သာ ဆုံးဖြတ်သွား မှာဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူ) က ပြောပါတယ်။
အဲဒီအပေါ် ကျားဖြူပါတီ လွှတ်တော်ကိုယ်စားလှယ် အတော်များများက ကန့်ကွက်မယ့်သူ ရှိမယ်လို့ မထင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှကျော်က ပြောပါတယ်။
"ကျနော်တို့ ပါတီအနေနဲ့ ညှိနှိုင်းကြဦးမယ်လေ၊ ကျားဖြူက ၂၂ ဦးရှိတာကိုး၊ ပါတီအနေနဲ့ ညှိပြီးမှပြောတာ ပိုကောင်းမှာ၊ အားလုံးရဲ့ဆန္ဒလည်း ကျနော်ကယူချင်တာကိုး၊ အများအားဖြင့်တော့ ကျနော်ထင်တယ်၊ ဒီကိစ္စကတော့ ကန့်ကွက်မယ့်လူတော့ မရှိပါဘူး၊ အားလုံးသဘောကျကြမှာပါ၊ ကျနော့်အမြင်ပြောတာနော်၊ တစ်ဦးချင်းသဘောက ထိရောက်မှုမရှိဘဲနဲ့ အဖွဲ့တစ်ခုရဲ့ကိုယ်စားပြောရရင် ပိုကောင်းမှာ"
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးဖို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစ်ပြည်လုံးမှာရှိတဲ့ ပါတီရုံးတွေမှာ လက်မှတ်တွေကောက်ခံမှာဖြစ်ပါတယ်။ မနက်ဖြန် မေလ ၂၇ ရက်နေ့မှာ နေပြည်တော် ဥတ္တရသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စတင်လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။
မေလ ၂၈ ရက်နေ့မှာပြန်လည်စတင်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးကို တက်ရောက်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေက ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
အခုလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ကောက်ခံမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မနက်ဖြန်မေလ ၂၇ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ပါဝင်လက်မှတ်ရေးထိုးကြမယ့် လွှတ်တော်အမတ်တွေရှိသလိုပဲ တချို့သော လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာ လက်မှတ်ရေးထိုးဖို့မလိုအပ်ဘူးလို့ ပြောကြတာတွေလည်း ရှိပါတယ်။ RFA သတင်းထောက် ကိုကျော်သူက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။