ရွေးကောက်ပွဲတွေမှာ ဝှိုက်ကဒ် ခေါ် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူတွေ မဲပေးခွင့်မရှိကြောင်း ပြင် ဆင်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေ ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့ လွှတ်တော်မှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။
ဝှိုက်ကဒ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုတာ ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်ထားတဲ့ အတွက် ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကို ပြင်ဆင် လိုက်တာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ပြည်သူ့လွှတ်တော် မှာ ပြောပါတယ်။
"ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထား သူများကို ဆန္ဒမဲပေးခွင့်ပြုခြင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်ခြင်းမရှိကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး သဘောထား နဲ့အညီ ပြင်ဆင်သည့် ဥပဒေကြမ်းများ တင်သွင်းပေးရန် ပြည်ထောင်စုလွှတ်တော်မှ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းကြားလာတဲ့အတွက် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေမှာပါရှိတဲ့ ပုဒ်မ ၆ (က)၊ ပုဒ်မ ၁၄ (က)နဲ့ ပုဒ်မ ၁၅ (က)တို့မှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ ဆိုတဲ့စကားရပ်များကို ပယ်ဖျက်ပြီး ဥပဒေကြမ်းများကို တင်သွင်းရခြင်းဖြစ်ပါတယ်"
ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူတွေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးခွင့်ပြုတာဟာ ဖွဲ့စည်းပုံနဲ့ မညီကြောင်း အခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဆုံးဖြတ်ချက်နဲ့အညီ မဲပေးခွင့်ပြု ထားတဲ့ သက်ဆိုင်ရာဥပဒေတွေကို ပြင်ဆင်ပြီး ဥပဒေကြမ်းအဖြစ် တင်သွင်းတာဖြစ်ပါတယ်။
ဝှိုက်ကဒ် ကိုင်ဆောင်ထားသူတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု ဖို့အတွက် ကျင်းပ တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခဲ့ကြသလို ၂၀၁၀ ရွေးကောက် ပွဲမှာလည်း မဲပေးခဲ့ကြပါတယ်။
အဲဒီလက်မှတ်တွေဟာ ပြီးခဲ့တဲ့ မတ်လကုန်မှာ သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပြီး အစိုးရထံ ပြန်လည်အပ်နှံခဲ့ကြရာ မှာ ရခိုင်ပြည်နယ်တစ်ခုတည်းမှာတင် ဝှိုက်ကဒ် ၃ သိန်းကျော် အပ်နှံခဲ့တယ်လို့ သိရပါတယ်။
အခုအခါ ဝှိုက်ကဒ် ကိုင်ဆောင်ခဲ့သူတွေကို အစိုးရက အသိအမှတ်ပြုကဒ်တွေ ထုတ်ပေးထားပြီး နိုင်ငံသားဖြစ် ခွင့် ပြန်လျှောက်ရမယ်လို့ သိရပါတယ်။