ရခိုင်ဆရာတော်သတင်း စုံစမ်းမရ၍ စိုးရိမ်နေ
2010.10.22

ထောင်အာဏာပိုင်တွေက ဆရာတော် ဦးပညာစာရဟာ အောက်တိုဘာလ ၁၅ ရက်နေ့လောက်ကစလို့ စစ်တွေထောင်မှာ မရှိတော့ကြောင်း ပြောဆိုပေမဲ့ ဘယ်ထောင်ကို ပို့လိုက်တယ်ဆိုတာကို မပြောတဲ့အတွက် အခုချိန်ထိ စုံစမ်းလို့ မရသေးဘူးလို့ ဆရာတော်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က RFA ကို အောက်တိုဘာ ၂၂ ရက် ဒီကနေ့ ပြောပါတယ်။
“အကုန်လုံး စိုးရိမ်ပူပန်နေကြတာပါပဲ။ ဘယ်ကို ပို့တယ်ဆိုတာလေးတော့ ဒီထောင်က ပြောသင့်တာပေါ့နော်။ ဘယ်နေရာမှာ ချုပ်နှောင်ထားတယ် ဆိုတာလေးကိုတော့ ပြောသင့်ပါတယ်။ ဒါပေမဲ့ အခု မသိဘူး ဆိုတာလေးလောက်နဲ့ပဲ ကျွန်မတို့က ဘာမှ မသိရဘူးဆိုတဲ့ အနေအထား ဆိုတော့ ဘယ်လိုလုပ်ရမလဲ။ ဗမာတပြည်လုံးကို ကျွန်မတို့ ဘယ်လို စုံစမ်းနိုင်မလဲရှင်။ ဒီထောင်ကပဲ ပြောရမှာပါ။ ဘယ်ထောင်ကိုတော့ ပို့လိုက်တယ်ပေါ့။ အဲဒါလေး မသိရတဲ့အတွက် အကုန်လုံး စိုးရိမ်နေကြတဲ့အချိန်ပါ။”
ဆရာတော်ဦးပညာစာရကို ဘယ်မှာ ချုပ်နှောင်ထားတယ်ဆိုတာ မသိရတဲ့အတွက် ဆရာတော်ရဲ့ အမှုအတွက် ပြည်နယ်တရားရုံးမှာ အယူခံလျှောက်ထားဖို့ အခက်အခဲဖြစ်နေတယ်လို့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
ဒါ့ပြင် ဆရာတော်ရဲ့အမှုအတွက် သတ်မှတ်ထားတဲ့ ရက်ပေါင်း ၆၀ အတွင်း အယူခံတင်နိုင်ရေး အတွက် ဆရာတော် ဘယ်မှာ ရှိတယ်ဆိုတာ သိနိုင်ဖို့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
သမိုင်းသုတေသီ ဦးပညာစာရဟာ သက်တော် ၅၇ ဝါတော် ၃၇ ဝါ ရှိပြီး စစ်တွေမြို့ မဟာဗုဒ္ဓ ဝိဟာရ ကျောင်းတိုက်ရဲ့ ကျောင်းထိုင် ဆရာတော် ဖြစ်ပါတယ်။ ဆရာတော်ကို စစ်အစိုးရက ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဖမ်းဆီးပြီးနောက် စက်တင်ဘာ ၂၉ ရက်နေ့က ထောင်ဒဏ် ၈ နှစ် ၃လနဲ့ ဒဏ်ငွေ ကျပ်တသောင်း ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဆရာတော်ဟာ စစ်တွေထောင်မှာ ရှိစဉ်က အာဟာရပြတ်လပ်မှုကြောင့် ဖောရောင်တဲ့ ဝေဒနာ ခံစားနေခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။