ဝက်လက်မြို့က ကျောင်းသား သတ်ခံရမှု အရေးယူဖို့ ဆောင်ရွက်သွားမယ်လို့ NUG ပြော
2024.07.10
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မောင်မြင့်မြတ်ဦး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ရှုတ်ချကြောင်းနဲ့ သက်ဆိုင်ရာအဖွဲ့တွေနဲ့ပူးပေါင်းပြီး ကျူးလွန်တဲ့သူတွေကို အရေးယူနိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဝက်လက်မြို့နယ် ကျောင်းများသမဂ္ဂအဖွဲ့ဝင် အသက် ၁၆ နှစ်အရွယ် Grade 11 ကျောင်းသား မောင်မြင့်မြတ်ဦးဟာ စိုင်နိုင်ကြီးရွာမှာ ဇူလိုင်လ ၈ ရက်နေ့ညက ရွာပြင်သုဿန်ကနေ အင်တာနက်သုံးပြီးအပြန်မှာ လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကလည်း ဗကသ ကျောင်းသားတစ်ယောက် သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ ဇူလိုင်လ ၁၀ ရက်နေ့က NUG ရဲ့ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ ပညာရေးဝန်ကြီးဌာနတွေကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။
နွေဦးတော်လှန်ရေးမှာ ကလေးသူငယ်တွေကို အသက်ရှင်ခွင့်၊ လွတ်လပ်စွာ ပညာသင်ယူခွင့်၊ ဘေးကင်းလုံခြုံစွာနေထိုင်ခွင့်တွေကို ချိုးဖောက်တဲ့ ဖြစ်စဉ်တွေမှာ အမိန့်ပေးစေခိုင်းသူတွေနဲ့ ကျူးလွန်တဲ့သူတွေဟာ တာဝန်ခံရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။