ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိသွားနိုင်တာကြောင့် နောက် နှစ်ရက်အတွင်း မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ မိုးများနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးမှာ မိုးရွာနိုင်တယ်လို့လည်း သိရပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကတော့ အခုဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ရခိုင်ကမ်းရိုးတမ်းဒေသတွေမှာ မိုးပိုလာနိုင်တဲ့အကြောင်း၊ တောင်တရုတ် ပင်လယ်မှာ ဖြစ်နေတဲ့ မုန်တိုင်းတိမ် အကြွင်းအကျန်တွေကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းမှာ မိုးကြီးနိုင်တဲ့အတွက် ရေကြီး၊ မြေပြိုတဲ့ ဘေးအန္တရာယ်တွေကို သတိထားကြဖို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မွန်၊ ကရင်၊ တနင်္သာရီစတဲ့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ ရေကြီးတာ၊ မြေပြိုတာတွေကြောင့် လူသေဆုံးတာတွေရှိခဲ့ပြီး မနေ့ကလည်း ပဲခူးတိုင်းဒေသကြီးထဲမှာ ချောင်းရေနဲ့အတူ လူ နှစ်ယောက် မျောပါပျောက်ဆုံးခဲ့ပါတယ်။
(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)