ဟိုပုံးမြို့နယ်မှာ လက်နက် ၅၀၀ ခန့် သိမ်းဆည်းရမိလို့ စစ်ကောင်စီထုတ်ပြန်

RFA Burmese
2022.12.19
ဟိုပုံးမြို့နယ်မှာ လက်နက် ၅၀၀ ခန့် သိမ်းဆည်းရမိလို့ စစ်ကောင်စီထုတ်ပြန် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ ဆော်တောရွာအနီးမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို တွေ့ရစဉ်။
Myanmar Military

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ ဆော်တောရွာအနီး Type – 81 အမျိုးအစားလက်နက် ၄၉၉ လက်၊ ၎င်းကျည်အိမ် ၄၉၈ ခုနဲ့ အခြား ဆက်စပ်ပစ္စည်းတွေကို ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၁၈ ရက် မနေ့က ရက်စွဲနဲ့ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ပင်လုံမြို့ ဆနင်းရွာဘက်ကနေ ရပ်စောက်မြို့ ပင်ဖြစ်ရွာဘက်ကို မောင်းနှင်လာတဲ့ ဒိုင်နာအမျိုးအစား ၆ ဘီးယာဉ်ကို မသင်္ကာလို့ ရပ်တန့်စစ်ဆေးတာမှာ မောင်းနှင် ထွက်ပြေးတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မော်တော်ယဉ်ကို ဆော်တောရွာအနီးထားခဲ့ပြီး လူတွေလွတ်မြောက်သွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဒီလက်နက်တွေကို PDF တွေအတွက် သယ်ယူတာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိဖမ်းမိတဲ့နေရာဟာ ပအိုဝ့်ပြည်သူ့စစ်တပ်ဖွဲ့တွေ ထိန်းချုပ်တဲ့နယ်မြေဖြစ်နေပြီး မကြာခဏ ဆိုသလို လက်နက်ခဲယမ်းတွေ ဖမ်းဆီးခံရလေ့ရှိပါတယ်။

ဒေသအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးကတော့ ဒီလက်နက်တွေဟာ ကိုးကန့်လို့ လူသိများတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဆီကလာတဲ့ လက်နက်တွေဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ဒီကိစ္စအတွက် MNDAA ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကိုးကန့်ဒေသမှာတော့ ဒီဇင်ဘာလဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ MNDAA တပ်တွေ အကြား စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။