သံတွဲမှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
2024.07.11
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျောက်ဆိပ်ရွာမှာ ဇူလိုင်လ ၁၀ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ်သုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျည်တစ်လုံးဟာ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားတွေ ထိခိုက်၊ သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လက်နက်ကြီးကျည် သုံး လေးလုံးကျတာ။ တစ်လုံးကတော့ နေအိမ်ပေါ် တည့်တည့်ကျတာပေါ့။ အဲဒီမှာ တစ်ယောက် သေသွားတယ်။ သုံးယောက်က ဒဏ်ရာရတယ်။ သံတွဲမြို့နားက တောင်ပေါ်နဲ့ အကျဉ်းထောင်နားမှာ စစ်ကောင်စီတပ်က စခန်းချထားတာရှိတယ်။ အဲဒီကနေ လှမ်းပစ်တာပါ”
ကျောက်ဆိပ်ရွာဟာ အိမ်ခြေနှစ်ရာခန့်ရှိပြီး သံတွဲမြို့ရဲ့ မြောက်ဘက် ခြောက်မိုင်ခန့်အကွာမှာ တည်ရှိတာပါ။ အဲဒီရွာက ဒေသခံတချို့ ဘေးလွတ်ရာကိုထွက်ပြေးနေကြပြီး တချို့ကလည်း ရွာထဲမှာပဲ ဆက်လက်နေထိုင်ကြတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် သံတွဲမြို့ပေါ်မှာ ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ် သံတွဲမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ခမရ-၅၆၆ တပ်ရင်း အပါအဝင် သံတွဲလေဆိပ်နဲ့ စစ်ကောင်စီတပ်စခန်း တချို့ကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပါတယ်။ ကျန်ရှိနေတဲ့ ခလရ-၅၅ တပ်ရင်းကိုလည်း AA က ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။