လက်နက်ကြီးကျည်ကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ
2018.03.09
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်း မိုင်းဝီးလမ်းပေါ်မှာရှိတဲ့ မန်စပ်ကျေးရွာအနီးက လက်ဖက်ခြံထဲကို မတ်လ ၈ရက်နေ့ မနေ့ မနက်ပိုင်းက လက်နက်ကြီးကျည်ဆံကျတာကြောင့် အဲဒီခြံထဲမှာ အလုပ်လုပ်နေတဲ့ ဒေသခံ လင်မယား နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
မန်စပ်ကျေးရွာနဲ့ အနီးတဝိုက်ကို လက်နက်ကြီးကျည် သုံးလုံးကျရောက်ခဲ့တာဖြစ်ပြီး ဒုတိယမြောက် လက်နက်ကြီး ကျရောက်တဲ့အချိန်မှာ ရွာသားနှစ်ဦး ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ နမ့်ခမ်းမြို့ စာပေယဉ်ကျေးမှု ဥက္ကဌ ဦးမြင့်ကျော် က ပြောပါတယ်။
"ကျနော်တို့ မန်စပ်ရွာအောက်နားပေါ့နော် အဲဒီမှာ လက်ဖက်ခြံတွေရှင်းနေတဲ့ လင်မယားနှစ်ယောက်ကို ထိသွားတယ်၊ ပထမတော့ ၁ လုံးကျတယ် သူတို့အနားမှာပေါ့ မထိဘူး၊ နောက် ဒုတိယ ၁ လုံးပြန်ကျတော့ သူတို့ ၂ ယောက်ကို ထိသွားတာပေါ့၊ အဲဒီလိုထိတော့ သူတို့လင်မယားနှစ်ယောက်စလုံး ထွက်ပြေးတဲ့အချိန်မှ သွေးတွေထွက်နေတာပေါ့နော်"
ဒဏ်ရာရခဲ့သူနှစ်ဦးကတော့ လက်ရှိ နမ့်ခမ်းဆေးရုံမှာ ဆေးကုသမှုခံနေရပြီး ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ မသိရသေးဘူးလို့ ဦးမြင့်ကျော်က ပြောပါတယ်။
အသက်ငါးဆယ့်ငါးနှစ်အရွယ် အမျိုးသားဖြစ်သူ ဦးအောင်ဆာဟာ လက်ဝဲဘက်ပခုံးမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဇနီးဖြစ်သူ ယာလွေးအောင်ဆာကတော့ လက်ဝဲဘက် ဂျိုင်းအောက် နံရိုးမှာ ထိခိုက်ဒဏ်ရာရခဲ့တယ် လို့ ပြောပါတယ်။
နမ့်ခမ်းမြို့အနီးတဝိုက်မှာ အစိုးရတပ်မတော်နဲ့ TNLA တအာင်းပလောင်လွတ်မြောက်ရေးတပ်တွေ မကြာခဏဆိုသလို တိုက်ပွဲဖြစ်တာတွေရှိပေမယ့် အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်တာမရှိဘူးလို့လည်း ဦးမြင့်ကျော် က ပြောပါတယ်။
အစိုးရတပ်မတော်ဘက်က တပ်မ ၈၈ က နမ့်ခမ်းမြို့ကနေ မန်စပ်ရွာဘက်ကို လက်နက်ကြီးကျည် လေးလုံး ပစ်ခတ်ခဲ့တယ်လို့ TNLA က မနေ့က သတင်းထုတ်ပြန်ထားပြီး တပ်မတော်ဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
နမ့်ခမ်းမြို့နယ်နဲ့ ကွတ်ခိုင်မြို့အနီးတဝိုက်မှာ မကြာခဏ လက်နက်ကြီးတွေကျတာကြောင့် ဒေသခံတွေ သေဆုံးမှု ရှိခဲ့သလို ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။