လက်နက်ကြီးပေါက်ကွဲလို့ ဖက်ဝန်းချောင်းရွာသားနှစ်ဦး ဒဏ်ရာရ


2019.04.02
kyauktaw-injure-622.jpg လက်နက်ကြီးကျည်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖက်ဝန်းချောင်းရွာသား မောင်မန်းတူး စစ်တွေဆေးရုံကို ၂၀၁၉ ဧပြီ ၁ ရက်နေ့က ရောက်ရှိလာစဉ်
Photo: Sayar U Than Tun

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဖက်ဝန်းချောင်းရွာထဲက နေအိမ်တစ်လုံးအပေါ် မနေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မနေ့က နေ့လည် ၂ နာရီခွဲလောက်မှာ အဲဒီရွာအနီးဝန်းကျင်မှာ တိုက်ပွဲလည်း မရှိဘဲနဲ့ လက်နက်ကြီးကျည် ကျရောက်တာဖြစ်ကြောင်း ဒဏ်ရာရသူ နှစ်ဦးကို ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ ဖြူစင်မေတ္တာပရဟိတဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးညီပု က ပြောပါတယ်။

‘’လက်နက်ကြီးကကျလို့ သူတို့နေတဲ့အိမ်ကွင်းထဲကိုကျလို့ လက်နက်ကြီးပေါက်ကွဲလို့ နှစ်ဦးပေါ့ ဒဏ်ရာရတာက ညီအစ်ကိုတော်တာပေါ့၊ ညီအစ်ကိုဝမ်းကွဲပေါ့ တစ်ဦးကျတော့ လက်မောင်းတစ်ထောင်ဆစ်နားကနေ ပွင့်ထွက် သွားပါတယ်၊ ကျွန်တော်တို့ကိုလှမ်းခေါ်လို့ ကျွန်တော်တို့ကားနဲ့ယူတယ်၊ ကျောက်တော်ဆေးရုံကို ပို့ဆောင်ပေး လိုက်တယ်၊ အချိန်မီပေါ့ အငယ်ကောင်လေးက သွေးတစ်လုံးသွင်းလိုက်ရတယ် B သွေးပေါ့၊ အရေးပေါ် ကုသပြီးတော့ ဒဏ်ရာပြင်းထန်လို့ စစ်တွေဆေးရုံကိုပို့ရပါတယ်၊ တိုက်ပွဲဖြစ်တာ မဟုတ်ပါဘူး ဖက်ဝန်းချောင်းမှာ တိုက်ပွဲမဖြစ်ဘဲနဲ့ အမြှောက်ကနေပစ်ပြီးတော့ သူတို့ဘက်ကိုကျတာလို့ပြောပါတယ်’’

အသက် ၃၀ ဝန်းကျင်နဲ့ ၁၅ နှစ်အရွယ် ညီအကိုနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ အခြေအနေနဲ့ပတ်သက်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့ ဖြူစင်မေတ္တာပရဟိတဖောင်ဒေးရှင်း ဥက္ကဌ ဦးညီပု ပြောသွားတာပါ။

မနေ့က အဲဒီနေရာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အဲဒီနေအိမ်ထဲကို ကျရောက်ပေါက်ကွဲတာလို့ ဒေသခံတွေနဲ့ ရခိုင့်တပ်မတော် AA က ပြောကြပါတယ်။

ဒီလိုပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ အခုလိုငြင်းဆိုပါတယ်။

‘’သရူချောင်းတို့ တောင်ကောက်တို့ လမုချောင်းတို့ ငထွေချောင်းတို့ ကျွန်တော်အကုန်ပြောလိုက်မယ်၊ ပညာဝတို့ တိုက်ပွဲမဖြစ်ဘူးခင်ဗျ၊ အဲဒီရွာတွေနားမှာ ဒီရွာတွေနားပတ်ချာလည်နားမှာ လုံးဝတိုက်ပွဲမဖြစ်ဘူး၊ မနေ့ကတုန်းက ကျွန်တော်တို့ တိုက်ပွဲက ကြီးကြီးမားမား မဖြစ်ဘူးခင်ဗျ၊ ၁ ရက် ၂ ရက် ၃ ရက်လောက်ရှိသွားပြီ၊ လက်နက်ကြီး ပစ်ကူယူပြီးတော့ ကြီးကြီးမားမားမရှိဘူး၊ ပုံမှန် သူ့ဟာသူ ထိန်းချုပ်ပြီး ပစ်တာတော့ရှိတာပေါ့ဗျာ၊ တိုက်ပွဲ ငယ်လေးတွေ သူပစ်ကိုယ် ပစ်တာလောက်ပဲရှိပါတယ်’’

ဒီရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ထဲက ကျေးရွာအတော်များများမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ ရွာလုံးကျွတ်ထွက်ပြေးနေရတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ AA ဘက်က ပြောပါတယ်။

‘’မနေ့ကတော့ ကျောက်တော်မြို့ရဲ့ သလူချောင်းရွာတဘက်ကမ်း ဖောက်ဖီးတောင် တောင်တန်းမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တယ်၊ လေယာဉ်တွေဘာတွေနဲ့ လာပစ်တာရှိတယ်၊ ဗမာစစ်တပ်က ကျောက်တော် အခြေစိုက် ၅၃၉ ကန်ဇောက်ကနေပြီးတော့ လှမ်းပစ်တာရှိတယ်၊ ၁၀၅ မမ တွေနဲ့ ဖက်ဝန်းချောင်းရွာကို လက်နက်ကြီးကျည်ကျတယ်၊ ဒီမှာကျွန်တော်တို့မှတ်တမ်းရှိသလောက်ကတော့ ၃၀ ရက်နေ့ကစပြီးတော့သူတို့ စကခ ၁၅ ရဲ့ လက်အောက်ခံ ခမရ ၅၅၁ တပ်ရင်းထဲကနေပြီးတော့မှ သူတို့ ဒုံးသိမ်ရွာတပ်ရင်းပေါ့နော်၊ စံဂိုးထောင်ရယ် သျှိသျှားတောင်ရယ် နွားရုံတောင် အဲဒီဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပြီးတော့ပစ်နေတာ၊ ၃၁ ရက်နေ့မှာတော့ လက်နက်ကြီးပစ်တဲ့အကြိမ်ရေကလည်း ပိုများပြီးတော့ မြေပြင်တပ်တွေကလည်း စံဂိုးထောင်နဲ့ သျှိသျှားတောင်ကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ပြီးတော့ဝင်တာရှိတယ်’’

AA ရက္ခိုင့်တပ်မတော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ပြောသွားတာပါ။

မနေ့က လက်နက်ကြီးကျည် ပေါက်ကွဲလို့ ဒဏ်ရာရသူ နှစ်ယောက်ထဲမှာ အသက် ၁၅ နှစ်အရွယ် လူငယ်က ဒဏ်ရာပြင်းထန်လို့ စစ်တွေဆေးရုံကိုပို့ဆောင်ထားရပါတယ်။ ကျန်တစ်ယောက်ကတော့ ကျောက်တော်ဆေးရုံမှာပဲ ဆေးကုသခံယူနေရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ မြေပြင်အနေအထားရှုပ်ထွေးနေတဲ့အချိန် ဖြစ်တာကြောင့် RFA အနေနဲ့ တိုက်ပွဲ ဖြစ်ပွားမှုရှိ မရှိကို သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

တပ်မတော်က ရခိုင်ပြည်နယ်မှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ် မှုမြောက်တဲ့အတွက် ICC နိုင်ငံတကာရာဇဝတ်ခုံရုံးတင်ဖို့ ကြိုးပမ်းသွားမယ်လို့ AA က ပြောထားပါတယ်။

မတ်လ ၂၅ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာတော့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ တပ်မတော်ဘက်က အကြောင်းမဲ့တိုက်ခိုက်ခဲ့တာမဟုတ်ပဲ AA အဖွဲ့ကနေ အိမ်တွေကို အကာအကွယ်ယူတာတွေ၊ ဘုရားပုထိုးစေတီတွေ အနီးကနေ နေရာယူပြီးပစ်ခတ်တဲ့အတွက် ပြန်ပစ်ရတာဖြစ်ကြောင်း၊ AA က လူသားတံတိုင်း ကာပြီး အရပ်သားတွေကို အသုံးချနေတာတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလကနေမတ်လ ၂၈ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲပေါင်း တစ်ရာကျော်ဖြစ်ပွားခဲ့ပြီး မိုင်း ပေါက်ကွဲမှု ၄၄ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မတ်လ ၂၉ ရက်နေ့ကကျင်းပတဲ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် ၁၇၀၀၀ ကျော်နဲ့ အရပ်သားသေဆုံးသူ ၁၂ ဦး ရှိနေပြီလို့လည်း ပြောထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။