လက်နက်ကြီးကြောင့် ကလေးမြို့ လက်ပံချောင်းရွာမှာ ကလေး တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ

RFA Burmese
2024.01.03
လက်နက်ကြီးကြောင့် ကလေးမြို့ လက်ပံချောင်းရွာမှာ ကလေး တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ ကလေးမြို့နယ်၊ လက်ပံချောင်းရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် သေဆုံးခဲ့သည့် မောင်ဂျိုးဆက်မာလ်ဆုမ်လွာအား တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းရွာမှာ ဇန်နဝါရီ ၃ ရက်ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ် တစ်ဦးသေဆုံးပြီး ရွာခံ ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ ကိုးနှစ်အရွယ် မောင်ဂျိုးဆက်မာလ်ဆုမ်လွာ (Joseph Malsawmhlua) ဖြစ်ပြီး ဒဏ်ရာရသူ ဒေသခံခြောက်ဦးကတော့ ဆေးကုသနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကလေးမြောက်ပိုင်းကိုတော့ သူတို့က ပစ်နေကြပါ။ ဒီနေ့မနက် ကိုးနာရီကျော် လောက်မှာ ပစ်တာ၊ နှစ်လုံးပေါ့။ အဲမှာ ထိတာက ခုနစ်ယောက်ထိတာ။ အဲအထဲက ကလေးလေးက ဆေးရုံမှာ နေ့လယ် ၁၂ နာရီဝန်းကျင်က ဆုံးသွားတာပဲ။ တခြားထိတဲ့ သူတွေလည်း ဆေးကုနေရတုန်းပဲ”

သေဆုံးသူ မောင်ဂျိုးဆက်မာလ်ဆုမ်လွာကို ဇန်နဝါရီ ၄ ရက် မနက်ဖြန်မှာ သင်္ဂြိုဟ်သွားမယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်ကလည်း ကလေးမြို့၊ လက်ပံချောင်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ရွာခံ အမျိုးသမီးနှစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နို၀င်ဘာ ၂၁ ရက်ကလည်း ကလေးမြို့မြောက်ပိုင်း ဒိုးဝိုင်းချောင်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် အသက်လေးနှစ်အရွယ် မောင်မုန်ဆောင်ဆန်နဲ့ အသက်လေးဆယ်အရွယ် ဦးဟုမ်လျန်ထန်ငှာတို့ သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။