တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇန်နဝါရီလ ၅ ရက် ဒီနေ့အထိ ငါးရက်အတွင်းမှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေနဲ့ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သား ခုနစ်ဦးသေဆုံးပြီး နောက်ထပ် လူ ၃၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်မြို့နယ်မှာ သုံးဦး၊ ဘူးသီးတောင်မြို့နယ်မှာ နှစ်ဦး၊ မြောက်ဦးမြို့နယ်မှာ တစ်ဦးနဲ့ ရသေ့တောင်မြို့နယ်မှာ တစ်ဦး စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့တာပါ။
ဒဏ်ရာရသူတွေကတော့ ကျောက်တော်မြို့နယ်မှာ ၁၇ ဦး၊ မောင်တောမြို့နယ်မှာ ကိုးဦး၊ မြောက်ဦးမြို့နယ်မှာ ခြောက်ဦးနဲ ရသေ့တောင်၊ ရမ်းဗြဲ၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေမှာ တစ်ဦးစီနဲ့ စုစုပေါင်း ၃၅ ဦးဖြစ်ပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် သေဆုံးထိခိုက်မှု အရေအတွက်တွေ မြင့်တက်လာတာလို့ ရခိုင်နိုင်ငံရေးသမား လွှတ်တော် အမတ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။
“AA စခန်းတွေကို ပစ်မယ့်အစား မြို့တွေ၊ ရွာတွေ ပစ်တယ်။ တိုက်ပွဲဖြစ်တဲ့ အနီးအနား ရွာတွေကိုပစ်တယ်။ ဘာမှမဆိုင်တဲ့ ရွာတွေကိုလည်း လှမ်းပစ်တယ်။ အဓိက ပြည်သူကို ဒုက္ခပေးပြီး AA ကို ပြည်သူတွေ အပြစ်မြင်လာအောင် လုပ်နေတာပါ။ တိုက်ပွဲ ပြင်းထန်လာလေလေ အရပ်သားတွေကိုလည်း ပိုပြီး ပစ်မှတ်ထားလာတယ်လို့ မြင်ပါတယ်”
လက်ရှိမှာတော့ စစ်ကောင်စီက ရခိုင်ပြည်နယ်တွင်းက ကုန်းလမ်း၊ ရေလမ်းတွေကိုလည်း ပိတ်ဆို့ထားပြီး မြို့ပေါ် ရပ်ကွက်တွေမှာလည်း အရပ်သားတွေ ဖမ်းဆီးမှုတွေလည်း ပိုများလာတယ်လို့လည်း ရခိုင်ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှု ကိစ္စတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားချိန်ကစလို့ ဇန်နဝါရီလ ၅ ရက် ဒီနေ့အထိ သေဆုံးခဲ့တဲ့ အရပ်သား ၄၇ ဦးနဲ့ ဒဏ်ရာရသူ ၁၃၀ ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။