ပုဏ္ဏားကျွန်းက ဒုက္ခသည်စခန်း သောက်သုံးရေ အခက်အခဲကြုံနေ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ အစိုးရကတာဝန်ယူထားတဲ့ စက်မှုဇုန်ကွင်း စစ်ဘေးဒုက္ခသည် စခန်းမှာ သောက်သုံးရေအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၂၂၀ ကျော်နဲ့ လူဦးရေ ၉၀၀ နီးပါးရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်ကွင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက သောက်သုံးရေအခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက RFA ကို ဒီနေ့ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဦးသန်းလှိုင်က သောက်သုံးရေအခက်အခဲဖြစ်နေတာ တစ်လလောက် ရှိနေပြီလို့ ပြောပါတယ်။

"ကျွန်တော်တို့မှာ ရေရှားပါးနေတာ တစ်လနီးနီးရှိနေပါပြီ။ အခု ရေပေါက်ချောင်းကျေးရွာက ကန်တစ်ကန် ပေးထားလို့ အဲဒီကန်ကနေသွား ရေသွားခပ်နေရတာ အခုဆိုရင်အဲဒီကန်ရေလည်း နည်းသွားပြီ။ နောက်ထပ် ရေခပ်စရာကန်လည်း မရှိတော့ဘူး။ တော်တော်လေးကို အခက်အခဲဖြစ်နေပါတယ်"

လွန်ခဲ့တဲ့မိုးရာသီက အနီးမှာရှိတဲ့ ရေဖြူကန်ကျေးရွာပိုင် ရေကန်ကနေ သုံးစွဲခွင့်ရခဲ့ကြပေမယ့် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာတော့ အဲဒီကန်မှာ ရေနည်းလာလို့ စခန်းနဲ့ နာရီဝက်လောက်သွားလာရတဲ့ ရေပေါက်ချောင်းကျေးရွာ ရေကန်ကနေ သွားရောက်ခပ်ယူသုံးစွဲခဲ့ကြရတာပါ။

အခုတော့ အဲဒီရေပေါက်ချောင်းကျေးရွာရေကန်မှာလည်း ရေနည်းလာလို့ နီးစပ်ရာနေရာတွေကနေ ဖြစ်သလို ခပ်ယူသုံးစွဲနေကြရတာလည်းဖြစ်ပါတယ်။

နောက်ထပ်စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်သန်းကလည်း ရေအခက်အခဲအတွက် လမ်းဘေး ကျွဲနွားတွေသောက်တဲ့ မြောင်းရေနဲ့ဖြေရှင်းနေရတယ်လို့ပြောပါတယ်။

"တစ်ထောင်ဖိုးကို ၆ ဗူး၊ ငါးရာဖိုးကို ၃ ဗူးနဲ့ ကိုယ့်မှာမရှိတဲ့ကြားထဲက ရေးကိုဝယ်ပြီးသုံးနေရပါတယ်။ ကိုယ့်မှာ မိသားစု ငါးယောက်ရှိရင် ငါးယောက်၊ ခြောက်ယောက်ရှိရင် ခြောက်ယောက် အတိုင်းအတာနဲ့ ချိန်ပြီး ဝယ်ပြီးတော့ သောက်သုံးကြရပါတယ်။ ရေချိုးဖို့ရေးကိုတော့ အခုက ဒီနားမှာရှိတဲ့ ကျွဲတွေ၊ နွားတွေသောက်တဲ့ မြောင်းက ရေခပ်ပြီးတော့ ရေချိုးရပါတယ်"

စက်မှုဇုန်ကွင်း စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ ဦးသန်းဌေးကတော့ သက်ဆိုင်ရာဌာနကို အကူအညီ တောင်းထားပေမယ့် ဘာမှမထူးခြားသေးဘူးလို့ ပြောပါတယ်။

"ကျွန်တော်တို့ ဒုက္ခသည်စခန်းမှာ ဒီရေနဲ့ပတ်သက်ပြီးတော့ အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း ကူညီပေးဖို့ တောင်းဆိုထားပါတယ်။ ပြီးတော့ အခုကျွန်တော်တို့ ရေဖြူကန်ဒုက္ခသည်စခန်းကို ဆန်ရိက္ခာထောက်ပံ့ပေးတဲ့ လူကယ်ပြန်အစိုးရအဖွဲ့အစည်းတို့နဲ့ WFPအဖွဲ့အစည်းတို့ကိုလည်း တင်ပြထားပြီးပါပြီ။ ဒါပေမယ့် ဘာမှအ ကြောင်းမထူးသေးပါဘူး"

စက်မှုဇုန်ကွင်း ဒုက္ခသည်စခန်းမှာ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်၊ သာစည်၊ ပိန္နဲတော၊ ဒိုးတန်း နဲ့ ပလက်ဝမြို့နယ်က နှမဒါ၊ မီးလက်ဝ စတဲ့ကျေးရွာတွေက အိမ်ထောင်စု ၂၂၁ စုနဲ့ လူဦးရေ ၈၉၁ စု ခိုလှုံနေကြတာပါ။

ဒီစခန်းဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တည်ဆောက်ထားတဲ့ စခန်းတစ်ခုဖြစ်ပေမယ့် သောက်သုံးရေ ဖြန့်ဝေတဲ့ စနစ်မရှိတာကြောင့် ဒုက္ခသည်တွေအတွက် ရေအခက်အခဲနဲ့ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဦးကျော်သန်းဇင်ကတော့ သောက်သုံးရေ ပြဿနာအတွက် ဒီနေ့ကွင်းဆင်းလေ့လာသွားမယ်လို့ ပြောပါတယ်။

"မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာထုတ်ပြီးတော့ ကျွန်တော်တို့ကို ကွင်းဆင်းကြည့်ခိုင်းပါတယ်။ စာကလည်း ဒီနေ့ပဲဝင်တယ်။ အဲဒီလို ကြည့်ခိုင်းတဲ့အတွက် ကျွန်တော်တို့လည်း ဒီနေ့ပဲကွင်းဆင်းပြီးတော့ အခြေ အနေအကျိုးအကြောင်းကို ပြန်ပြီးတော့တင်ပြဖို့တော့လုပ်ထားပါတယ်။ ကွင်းဆင်းကြည့်မယ် ပြီးတော့ ဘာတွေ လုပ်ရမလဲ အဲဒါတွေကို တွက်ချက်ပြီးတော့ တင်ပြရမှာပေါ့"

အစိုးရရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ရှစ်သောင်းခွဲကျော် ၈၅၈၄၃ ဦးရှိပြီး ကယ်ဆယ်ရေးစခန်း ၁၅၈ နေရာမှာ ခိုလှုံနေကြရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ရက္ခိုင့်တပ်တော်နဲ့ တပ်မတော်တို့အကြား အပစ်အခတ်တွေ ရပ်စဲနေပေမယ့် ဒုက္ခသည်တွေကတော့ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။