သြင်္ကန်ကာလအတွင်း ခရမ်းလွန်ရောင်ခြည်အန္တရာယ် ပိုများလာနိုင်


2013.03.31

မြန်မာတစ်နိုင်ငံလုံးမှာ Ultraviolet  Ray လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုနှုန်း မြင့်တက်နေတဲ့အတွက် အထူးသတိထားသွားလာကြဖို့၊ အထူးသဖြင့် သြင်္ကန်တွင်းမှာ အဝတ်အစား လုံလုံခြုံခြုံဝတ်ဆင်ကြဖို့ မြန်မာ့မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။

ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းဟာ ၁၁ ထက်ကျော်နေတဲ့အတွက် သတ်မှတ်စိုးရိမ်ညွှန်းကိန်းအထက်မှာ ရောက်နေတယ်လို့ ပြောပါတယ်။

သြင်္ကန်ကာလ ဧပြီလအတွင်း ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းပိုများမယ်လို့ယူဆရပြီး အန္တရာယ်ပိုများဖွယ်ရှိတယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

"မြန်မာပြည်မှာ သြင်္ကန်ကာလမဟုတ်တဲ့ ရိုးရိုးချိန်မှာတောင် ကားတွေကသိပ်ကျပ်တယ်၊ တစ်နေရာရောက်ရင် တော်တော်နဲ့ကို မထွက်နိုင်ဘူး၊ သြင်္ကန်ကာလဆို မဏ္ဍပ်တွေဘာတွေ သွားမယ်ဆိုရင်တော့ အနည်းဆုံး ၄ နာရီ ၅ နာရီလောက်က ကားစီးပြီး နေပူထဲမှာနေရမယ့် သဘောရှိနေတယ်၊ အန္တရာယ်ပိုကြီးတယ်ပေါ့ဗျာ၊ ဒီရေတို့ဘာတို့နဲ့ နီးနီးကပ်ကပ်ရှိတယ် ရေက အငွေ့ပျံတဲ့သဘာဝရှိတော့ ခရမ်းလွန်ရောင်ခြည်က ရေပေါ်မှာကျလို့ အလင်းပြန်ရင် လူကိုပိုထိခိုက်တယ်၊ အဲ့တော့သြင်္ကန်မှာ ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်က ပိုရှိတယ်"

ကမ္ဘာ့လေထုအထက်မှာရှိတဲ့ အိုဇုန်လွှာပါးတဲ့အတွက် ကမ္ဘာမြေပေါ် ခရမ်းလွန်ရောင်ခြည် ကျရောက်တာဖြစ်ပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။

ခရမ်းလွန်ရောင်ခြည်ဒဏ် ကာကွယ်နိင်အောင် ဦးထုပ်အဝိုင်းကြီးကြီးဆောင်းဖို့၊ နေရောင်ခြည်ကာ မျက်မှန်တပ်ဖို့နဲ့ အဝတ်အထည်ကို လုံလုံခြုံခြုံဝတ်ဆင်ကြဖို့ ဦးထွန်းလွင်က အကြံပေးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။