မြန်မာဆရာတော် ကျောင်းထိုင်ရေး ထိုင်းဝန်ကြီးချုပ် ကတိပေး

သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချူပ် မစ္စစ် ရင့်လတ် ရှီနာဝပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့က မြန်မာ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်နေကြတဲ့ ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ မြန်မာသံဃာတော်ကို ကျောင်းထိုင် ဆရာတော်အဖြစ် သတင်းသုံးစေဖို့ ထိုင်းဝန်ကြီးချုပ်က ကတိပေး ပြောဆိုခဲ့ကြောင်း သိရပါတယ်။

2012.07.25
wat-sai-moon-chiang-mai-b305 လွန်ခဲ့သည့် နှစ်ပေါင်း လေးရာကျော်ကတည်းက မြန်မာ ဘုန်းတော်ကြီး အဆက်ဆက် ကျောင်းထိုင်ခဲ့ကြသည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်း မြန်မာကျောင်း ကို တွေ့ရစဉ်
RFA

ထိုင်းဝန်ကြီးချုပ် ကတိပေး ပြောဆိုခဲ့တဲ့ အကြောင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးကို ဒီကနေ့ မနက်ပိုင်းမှာ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာက သိရတာဖြစ်တယ်လို့ ဝပ်ဆိုင်းမွန်း မြန်မာ ဗုဒ္ဓဘာသာအသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်မီးမီးက အာအက်ဖ်အေ ကိုပြောပါတယ်။

"ဒီကိစ္စဟာ သမ္မတကြီး ဦးသိန်းစိန်ဆီပြောတော့ ထိုင်းဝန်ကြီးချုပ် ရင့်လတ်ကို သွားပြီးတော့ ဆွေးနွေးတာပေါ့နော်။ မြန်မာ ဝပ်ဆိုင်းမွန်းကျောင်းကို မြန်မာ ကျောင်းထိုင်ဆရာတော် ဆက်လက် ထားခွင့်ပေးပါလို့ တောင်းဆိုတယ်တဲ့၊ ဆွေးနွေးတော့ ဝန်ကြီးချုပ် နာရုတ် ရင့်လတ် ကလည်းတဲ့ လုပ်ဆောင်ပေးပါ့မယ် ကတိပေးတယ်တဲ့။ ကျွန်မတို့ကနေ သံရုံးကို ဒီနေ့ပဲ ဖုန်းဆက်မေးရတယ်။ သံမှူး ဗိုလ်မှူး နိုင်ထွန်းပါ"

ချင်းမိုင်မြို့မှာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တစ်သိန်းကျော်ရှိပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာ ဝပ်ဆိုင်းမွန်း ဆရာတော် ဦးအာသဘ ပျံလွန်တော်မူပြီးတဲ့နောက် ထိုင်းသံဃာ့ မဟာနာယက အဖွဲ့က ဒီကျောင်းမှာ ထိုင်းဆရာတော်တစ်ပါး ကျောင်းထိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် မြန်မာဗုဒ္ဓဘာသာဝင်တွေက ယခင် အစဉ်လာအတိုင်း မြန်မာဆရာတော်တွေပဲ အုပ်ချုပ် ကိုးကွယ်ခွင့်ပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီနောက် ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက သံအမတ်ကြီး ဦးတင်ဝင်း ဦးဆောင်တဲ့အဖွဲ့ဟာ ဇူလိုင် ၁၇ ရက်နေ့ ညနေပိုင်းမှာ ဇင်းမယ်မြို့က မြန်မာ ဘုန်းတော်ကြီးကျောင်းကို သွားရောက်ပြီး မြန်မာ ကျောင်းထိုင်ဆရာတော် ခန့်အပ်နိုင်ရေး အတွက် မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ သတင်းသုံးနေကြတဲ့ မြန်မာ သံဃာတော်တွေ၊ ဝပ်ဆိုင်းမွန်း မြန်မာဗုဒ္ဓဘာသာ အသင်းဝင်တွေ၊ စေတနာ နာရေးကူညီမှုအသင်း ကော်မတီဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ် လာရောက်မည့် သမ္မတကြီးထံ စာရေးတင်ပြကာ ကူညီဆောင်ရွက်ပေးမယ်လို့ ပြောဆိုပြီးနောက်မှာ အခုလို မြန်မာဆရာတော်တွေ သတင်းသုံး ကျောင်းထိုင်ခွင့်ရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။