ရွှေဘိုမြို့ ဝါးရုံကန်ရွာမှာ စစ်ကောင်စီက ဖမ်းဆီးနေလို့ ရွာသားတွေထွက်ပြေးနေရ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဝါးရုံကန်ရွာမှာ စက်တင်ဘာလ ၅ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၅၀ ခန့် ရွာထဲဝင်ကာ ဒေသခံ ခြောက်ဦးကို ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီနေ့မနက် ၇ နာရီလောက်က ဝင်လာတာ။ ရွာကို ပိတ်ထားတယ်။ သူတို့က အရင်ရက်တွေထဲက လက်နက်အပ်တွေကို အပ်ဖို့ပြောတယ်။ ရွာက ဒလန်တွေများတယ်။ အစက ရွာသား ခြောက်ယောက်ကို ဖမ်းတယ်။ အဲဒီရွာသားတွေကို ရွာအရှေ့က စာသင်ကျောင်းမှာ ဖမ်းဆီးထားတယ်။ အခုတော့ နှစ်ဦးပဲ ကျန်တော့တယ်။ ရွာက တောင်ယာလုပ်တဲ့ အသက် ၄၀ ပတ်ဝန်းကျင် ဦးလေး နှစ်ယောက်ကို ခုထိ ဖမ်းထားတာ။ သူတို့တွေကို ရိုက်နှက်ထားလို့ မေ့မျောနေပြီ“
အဲဒီ ခြောက်ယောက်ထဲက နှစ်ယောက်ကိုတော့ လက်ရှိအချိန်အထိ ဖမ်းဆီးထားဆဲပဲလို့ အဲဒီဒေသခံက ပြောပါတယ်။
ဝါးရုံကန်ရွာသားတွေဟာ စစ်ကောင်စီကိုတော်လှန်ဖို့ လက်နက်တွေရှိတယ်ဆိုပြီး စစ်တပ် သတင်းပေးတွေ ကတဆင့် တိုင်ကြားခဲ့တာတွေကြောင့် အခုလို တပ်ဖွဲ့ဝင်အင်အားအများအပြားနဲ့ ဝင်ရောက်ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
လူဦးရေ ၅၀၀ ခန့်ရှိတဲ့ ဝါးရုံကန်ရွာမှာ စစ်ကောင်စီထောက်ခံတဲ့ ရွာသားအနည်းငယ်သာ ကျန်ခဲ့ပြီး ရွာသား အများအပြားတို့က ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ရွှေဘိုမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က စစ်ကောင်စီကို သတင်းပေးနေသူလို့ စွပ်စွဲခံရတဲ့ ပန်းရံဆရာ ဦးစိုးတင့် သေနတ်နဲ့ပစ်သတ်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်တွေက ရွှေဘိုမြို့ပေါ်မှာ ဖမ်းဆီးစစ်ဆေး တာတွေ ဆက်တိုက်ဆိုသလို လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။