မိုင်းရင်ရွာမှာ တိုက်ပွဲဖြစ်တာကြောင့် ဒေသခံ ၇၅၀ နီးပါး ထွက်ပြေးလာ
2018.10.25

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းရင်(မုံးရင်) ကျေးရွာအုပ်စု အနီးပတ်ဝန်းကျင်မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပူးပေါင်းအဖွဲ့နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တပ်တွေ တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံ ၇၅၀ နီးပါး နမ္မတူမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာပါတယ်။
အောက်တိုဘာလ ၂၃ ရက်နေ့ညပိုင်းနဲ့ ၂၄ ရက်နေ့ မနက်ခင်မှာ RCSS တပ်တွေ မုံးရင်ကျေးရွာအနီးကို ရောက်လာပြီး TNLA-SSPP ပူးပေါင်းအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ မုံးရင်ရွာအနီးကို ကျရောက်တာကြောင့် ဒေသခံတွေက မနေရဲတော့ဘဲ ထွက်ပြေးလာတာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မိုင်းရင်ကျေးရွာအနီးတစ်ဝိုက်က မိုင်းရင်၊ မန်တီး၊ ကောင်းကဲ့၊ ကောင်းဆန်း၊ နမ့်တိုက်၊ နောင်ကွမ်၊ နားနတ်၊ ပန်လောက် ကျေးရွာတွေက ထွက်ပြေးလာတဲ့ ရှမ်းတိုင်းရင်းသားတွေကို နမ္မတူမြို့နယ် ရွှေမြင်သာကျောင်းမှာ လူဦးရေ ၆၈၀ ဝန်းကျင်လောက်နေရာချထားပါတယ်။
ဒါ့အပြင် ကောင်းဟုန်းကျေးရွာက ပလောင်တိုင်းရင်းသားတွေကိုတော့ ပုပ္ပါရုံကျောင်းမှာ လူ ၇၀ ကျော်လောက် နေရာချထားပေးပြီး ဆိုက်ခေါင်ရွာက မိသားစုတွေနေအိမ်မှာနေထိုင်သူ နှစ်ဆယ်ဝန်းကျင်လောက်ရှိနေတယ် လို့လည်း သိရပါတယ်။
လက်ရှိမှာ ထွက်ပြေးလာသူတွေကို နမ္မတူမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေ စစ်ရှောင်ကော်မတီအဖွဲ့တွေက ကူညီပေးနေပြီး တိုက်ပွဲဖြစ်ပွားမှုရက်ရှည်လာရင်တော့ အကူအညီတွေ ပိုလိုအပ်လာလိမ့်မယ်လို့ စစ်ရှောင်ကော်မတီ အတွင်းရေးမှူး ကိုအောင်ဆန်းမြင့်က ပြောပါတယ်။
လတ်တလော မုံးရင်ကျေးရွာနဲ့ ဝမ်တီးကျေးရွာဝန်းကျင်တွေမှာ လက်နက်ကိုင်အဖွဲ့တွေ နီးနီးကပ်ကပ်ရှိနေပြီး နောက်ထပ်တိုက်ပွဲတွေဆက်လက်ဖြစ်လာရင် နေအိမ်စောင့်အဖြစ်ကျန်နေခဲ့သူတွေပါ ထပ်မံထွက်ပြေးလာနိုင် တာကြောင့် ဒုက္ခသည် အရေအတွက်ဟာ ထပ်မံတိုးလာနိုင်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။