နိုင်ငံတစ်ဝန်း အပစ်ရပ် ၅ လ ကြေညာပြီးနောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ
စစ်တပ်က ၂၀၂၁ အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၂ ဖေဖော်ဝါရီလကုန်အထိ ၅ လကြာ အပစ်အခတ်ရပ်စဲ ရေး သက်တမ်းတိုးလိုက်ပေမယ့် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန် နေသလို ဒေသခံကာကွယ်ရေးတပ်တွေလှုပ်ရှားတဲ့ နယ်မြေတွေမှာလည်း စစ်တပ်ဘက်က ထိုးစစ်ဆင်တိုက် ခိုက်မှုတွေ မြင့်တက်လာနေတယ်လို့ PDF တပ်ဖွဲ့တွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားကာကွယ် ရေးတပ် (KNDF)၊ ဖယ်ခုံပြည်သူ့ ကာကွယ်ရေးတပ် တို့အကြား စက်တင်ဘာလ ၂၉ ရက် မနေ့က တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က တပ်ဖွဲ့ဝင် ခြောက်ဦး ကျဆုံးခဲ့တယ်လို့ PDF တပ်ဖွဲ့တွေက ပြောပါတယ်။
ရှမ်းပြည်နယ်နဲ့ ကယားနယ်အစပ် ဖယ်ခုံ-လွိုင်ကော်ကားလမ်းကနေ ချီတက်လာတဲ့ စစ်တပ်ရဲ့ ယာဉ်အစီး ၄၀ ကျော်ပါတဲ့ စစ်ကြောင်းကို လွိုင်ကော်မြို့နယ် ကုန်းသာရွာဝန်းကျင်အရောက်မှာ ဖယ်ခုံပြည်သူ့ကာကွယ်ရေး တပ်နဲ့ KNDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
ဒီကနေ့လည်း မနေ့ကတိုက်ပွဲဖြစ်ခဲ့တဲ့နေရာဘက်မှာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ် လို့ KNDF နဲ့ ဖယ်ခုံ PDF ပူးပေါင်းအဖွဲ့ရဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“အခု ကုန်းသာမှာ လက်နက်ကြီးတွေနဲ့ ထုနေကြပြီ။ ကုန်းသာမှာတော့ အဲဒီအခြေအနေရှိတယ်။ နောက် စစ်အင်အားတွေလည်း ထပ်ဖြည့်လာတာရှိတယ်။ လူထုတွေကတော့ အဲဒီအနားက အကုန်လုံးပြေးပြီ။ ကုန်းသာရွာဘက်မှာလည်း လူနေအိမ် ၃ လုံး၊ ၄ လုံးလောက် မီးရှို့ခံထားရတယ်”
မနေ့ကတိုက်ပွဲမှာ စစ်တပ်ဘက်ကလည်း ၃၀ ခန့်ကျဆုံးကြောင်း KNDF ဘက်ကပြောပေမယ့် ဒီအရေ အတွက်နဲ့ ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။
အဲဒီတိုက်ပွဲကြောင့် ကုန်းသာ၊ မြေနီကုန်း အပါအဝင် ကျေးရွာ ၅ ရွာက အရပ်သား တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကပြောပါတယ်။
ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်ရဲ့ စက်တင်ဘာ ၂၉ ရက်နေ့ စာရင်းတွေအရ အာဏာသိမ်းမှုနောက်ပိုင်း ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သား တစ်သိန်းလေးသောင်းဝန်းကျင်ရှိလာပြီး သေဆုံးသူ ၈၈ ဦးအထိရှိတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသမှာလည်း ကိုးကန့်တပ်ဖွဲ့ (MNDAA) တပ်တွေနဲ့ စစ်တပ်အကြားမှာ တိုက်ပွဲတွေ နေ့စဉ်လိုလိုဆက်ဖြစ်နေတယ်လို့ ဒေသခံတွေ ထွက်ပြေးနေရသလို စက်တင်ဘာလ ၂၉ ရက် မနေ့က သိန္နီနဲ့ လားရှိုးလမ်းပိုင်းတွေမှာလည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို နှိမ်နှင်းနေသလို ကိုးကန့်တပ်ဖွဲ့ထိန်းချုပ်ရာဒေသတွေ မှာလည်း ထိုးစစ်မရပ်တာကြောင့် နိုင်ငံရေးအခြေအနေ ပိုမိုတင်းမာလာနိုင်ပြီး ပြည်တွင်းစစ်မီး ပိုမိုကြီးမားလာ နိုင်တယ်လို့ ကိုးကန့်အဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်က အပစ်ရပ်ကာလငါးလ ကြေညာပြီးနောက်မှာ ကိုးကန့်တပ်ဖွဲ့က အခုလို ထုတ်ပြန်လာတာပါ။
လက်ရှိမှာ စစ်ကောင်စီက အပစ်ရပ် ၅ လကြေညာတယ်ဆိုပေမဲ့ ဒါဟာ သူတို့ဒေသအတွက် ဘာမှအသုံးမဝင် ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
"မြေပြင်အခြေအနေက အခု သူတို့ရပ်တယ်ပြောပြီဆို သေနတ်သံတွေက ပြန်ကြားရပြီကော"
လက်ရှိစစ်ရေးတင်းမာမှုနေတဲ့ ပန်ဆိုင်းမြို့က မအေးစော ကတော့ စစ်တပ်က အခုလို အပစ်ရပ်ကြေညာတိုင်း သူတို့ဒေသမှာ တိုက်ပွဲတွေ ပိုများလာတယ်လို့ ပြောပါတယ်။
“သူတို့ပြောတာက ဘယ်နှစ်လ ရပ်ရပ်ပေါ့နော့် ရပ်တယ်လို့ပြောခါမှ ပိုပိုပြီးမှာ ဖြစ်လာတာပဲရှိတယ်။ ဘယ်ဟာကိုပြောတာလဲ ကျွန်မတို့တောင်ကောင်းကောင်း နားမလည်ချင်တော့ဘူးပေါ့နော်။ သူတို့ပြောတဲ့ ၅ လရပ်လိုက်၊ ၃ လရပ်လိုက် အဲဒါတွေက စာထဲမှာပဲ ရပ်တယ်မြင်တာပဲ။ တကယ့် မြေပြင်အခြေအနေက အဲလို့မှမဟုတ်တာ။ မြေပြင်အခြေအနေက အခုသူတို့ရပ်တယ်ပြောပြီဆို သေနတ်သံတွေက ပြန်ကြားရ ပြီကော။ ရွာတွေဘက်က ချက်ချင်းသေနတ်သံတွေကြားရပြီကော။ အခု သူတို့ ကြေညာချက်မှာ ၅ လ ရပ်မယ်ပြောတာနဲ့ ကလေးကောထိပြီလေ။ မျက်နှာတပြင်လုံးထိတာ။ အဲဒါ သူတို့ ပရမ်းပတာပစ်လို့ ဖြစ်တာပဲလေ”
စစ်တပ်က နိုင်ငံတစ်ဝန်း အပစ်ရပ် ၅ လ ထပ်မံတိုးမြှင့်ကြောင်း ကြေညာခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ မှာပဲ မုံးကိုးဒေသမှာ တိုက်ပွဲဖြစ်ခဲ့သလို အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မန်ခါးကျေးရွာက ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရပြီး ဆေးရုံမပို့နိုင်ဘဲ သေဆုံးခဲ့တယ်လို့ မအေးစော က ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပန်ဆိုင်းမြို့နယ်ခွဲ ဖိုင်းကောင်းနဲ့ ကောင်းစထီးကျေးရွာတွေမှာ အခုရက်ပိုင်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး ပန်ဆိုင်းနဲ့ မုံးကိုးမြို့နယ်တွေကို ဆန်နဲ့စားနပ်ရိက္ခာ သယ်ယူမှုတွေကို စစ်တပ်ဘက်က စီစစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် ဖိုင်းကောင်း၊ မုံးကိုးနဲ့ ဖောင်းဆိုင်ဒေသတွေမှာ ထွက်ပြေးနေရတဲ့ ဒေသခံ နှစ်ထောင်ကျော် အထိ ရှိနေပြီဖြစ်ပါတယ်။

အချိန် ၅ လကြာ သက်တမ်းတိုးထားတဲ့ စစ်တပ်ရဲ့ အခု အပစ်ရပ်ကြေညာချက်ဟာ အကြိမ် ၂၀ မြောက် ဖြစ်ပါတယ်။
အဲဒီကြေညာချက်အရ လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်း ပေးမယ်လို့ပါရှိပေမဲ့ လက်ရှိအနေအထားအရ စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်မယ့် အရိပ်အယောင် မတွေ့ရတဲ့အပြင် စစ်ရေးပြင်ဆင်မှုတွေတောင် ပိုများလာတယ်လို့ နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က RFA ကို ပြောပါတယ်။
“ငြိမ်းချမ်းရေးကော်မတီနဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေလုပ်မယ်လို့ ကြေညာချက်တွေတစ်ဘက်က ထုတ်ပြီး တစ်ဘက်ကကျတော့ PDF တွေကို ထိုးနှက်မှုတွေကတော့ တဖြေးဖြေး ပိုပြီးတော့ ပြင်းထန်လာတယ်။ အင်အားတွေတိုးချဲ့နေတယ်။ စစ်ရပ်စဲထားပါတယ်လို့ ကြေညာထားပေမယ့် သူ့ဘက်ကနေပြီးတော့ PDF တွေကို နှိမ်နင်းဖို့ စစ်အင်အားတွေ တိုးချဲ့လာနေလို့ ဒီနေ့ တိုက်ပွဲတွေ ပြင်းထန်လာတာပါ"
နိုင်ငံတစ်ဝန်း အပစ်အခတ်ရပ်စဲရေး ကြေညာထားပေမဲ့ တိုက်ပွဲတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက် လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ညနေက ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် အကြောင်း မပြန်ပါဘူး။
အခုလက်ရှိမှာလည်း ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံ မြို့နယ်တွေမှာ စစ်တပ်နဲ့ အရပ်သားခုခံကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာနေသလို ရှမ်းပြည်နယ် မြောက်ပိုင်း ပန်းဆိုင်း၊ မုံးကိုးဘက်မှာ စစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့အကြား တိုက်ပွဲတွေဖြစ်ပွားနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။