စစ်ဘေးသင့်စီးပွားရေးကြောင့် မြန်မာအထည်ချုပ် အလုပ်သမားတွေ ထိခိုက်

ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံက စီးပွားရေးနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေဟာ အထည်ချုပ်အလုပ်သမားတွေအပေါ် ထိခိုက်မှုရှိနေတယ်လို့ AFP သတင်းမှာ နိုဝင်ဘာလ ၂၁ ရက် ဒီနေ့ ဖော်ပြပါတယ်။

ဥရောပနဲ့ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ အထည်တွေကိုချုပ်တဲ့ အထည်ချုပ်အလုပ်သမား တစ်ဦးဟာ အလုပ်ချိန် ၁၂ နာရီအတွက် လုပ်အားခ သုံးဒေါ်လာကျော်သာ ရရှိတယ်လို့ ဆိုပါတယ်။

အရင်က လစဉ်အဝတ်အစား နှစ်ထည်သုံးထည်ဝယ်နိုင်ပေမဲ့ အခုချိန်မှာတော့ အဝတ်အစားသစ်၊ အလှပြင် ပစ္စည်းတွေနဲ့ တခြားလိုအပ်တာတွေကို မဝယ်နိုင်တော့ဘူးလို့ ရန်ကုန်မြို့က အထည်ချုပ် အလုပ်သမားတစ်ဦးက AFP သတင်းမှာ ပြောထားပါတယ်။

အာဏာသိမ်းပြီးနောက် လုပ်ငန်းဆက်လက်လည်ပတ်ဖို့ အခက်အခဲတွေကြောင့် နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားကြပေမဲ့ Adidas ၊ H&M နဲ့ Bestseller ကုမ္ပဏီကြီးတွေကတော့ အခုချိန်အထိ ဆက်ရှိနေပါတယ်။

Adidas ကတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ မြန်မာနိုင်ငံက လုပ်ငန်းတွေနဲ့ အနီးကပ် လုပ်ကိုင်ဆောင်ရွက်တယ်လို့ ပြောဆိုကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ H&M ကတော့ မြန်မာနိုင်ငံက လုပ်ငန်းတွေကို တဖြည်းဖြည်းနဲ့ ရပ်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ်က ပြည်ပပို့ကုန်ကနေ ဒေါ်လာ သုံးဘီလီယံကျော် ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်းရဲ့ ထုတ်ပြန်ချက်အရတော့ မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်ရငွေဟာ ၂၀၁၉ ခုနှစ်က ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံကနေ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံအထိ မြင့်တက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန် မြင့်တက်လာတာဟာ တရုတ်၊ ကမ္ဘောဒီးယားနိုင်ငံတွေနဲ့ယှဉ်ရင် အလုပ်သမားခ ကုန်ကျစရိတ် သက်သာတာနဲ့ အမေရိကန်နဲ့ ဥရောပက ဦးစားပေးကုန်သွယ်မှုတွေကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။