စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တရုတ်နိုင်ငံသွားမည်

2022.03.29
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တရုတ်နိုင်ငံသွားမည် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှာ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ မှာ ကျင်းပခဲ့တဲ့(၁၈)ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အွန်လိုင်းက တက်ရောက်ခဲ့တဲ့ ဦးဝဏ္ဏမောင်လွင်
Photo: MOFA

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ တရားဝင် ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို သွားရောက်မယ်ဆိုတာဟာ ပြည်တွင်းအကျပ်အတည်းတွေ အဖြေရှာဖို့ ဖိတ်ခေါ်တာဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာ သူတွေက ပြောပါတယ်။

မကြာခင်ရက်ပိုင်းမှာ တရုတ်နိုင်ငံကို ဦးဝဏ္ဏမောင်လွင် သွားမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ဒီနေ့ ပြောပါတယ်။

“တရုတ်နိုင်ငံခြားရေးဝန်ကြီးကနေပြီးတော့ တရားဝင်ဖိတ်ထားတယ်။ အဲဒါကြောင့် ခရီးစဉ် သွားဖြစ်မယ်”

တရုတ်နိုင်ငံက ဘာကြောင့် ဖိတ်ကြားရသလဲဆိုတာနဲ့ ဘာတွေ ဆွေးနွေးမလဲဆိုတာ စစ်ကောင်စီဘက်က ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးသလို ဒါဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် တရားဝင်ခရီးစဉ် ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာကို တရားဝင် ဖိတ်ခေါ်တာဟာ အာဆီယံ ဘုံ သဘောတူညီချက် ၅ ခုကို ဆက်လုပ်ဖို့၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်က ဆက်ကူညီပေးဖို့နဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို တွေ့ဆုံညှိနှိုင်း အဖြေရှာဖို့ သံတမန်နည်း လမ်းနဲ့ ခေါ်ပြောတာမျိုးဖြစ်နိုင်တယ်လို့ သီပေါမြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း က ပြောပါတယ်။

“အခု စစ်ကောင်စီဘက်က ပြောနေတဲ့ အပြုတ်တိုက်ရေးကိုတော့ တရုတ်ဘက်က လက်ခံမှာ မဟုတ်ဘူး။ မြန်မာပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်တွေ ရှေ့ဆက်ဖို့၊ အာဆီယံ သဘောတူညီချက်တွေ ဆက်လုပ်ဖို့နဲ့ သူကူနိုင်တာတွေကိုကူညီဖို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို ခေါ်ပြောမယ်လို့ ထင်ပါတယ်”

မြန်မာ့အရေးပြေလည်ဖို့ ပြီးခဲ့တဲ့နှစ် ဧပြီလမှာ အာဆီယံခေါင်းဆောင်တွေရဲ့ အရေးပေါ် အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာကျင်းပခဲ့ပြီး ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့တာပါ။

အဲဒီအချက်တွေကို အကောင်အထည်မဖော်လို့ မနှစ်က အောက်တိုဘာလမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်တဲ့နည်းနဲ့ ပထမဆုံးအကြိမ်အဖြစ် အာဆီယံက တုံ့ပြန်ခဲ့ပါတယ်။

မြန်မာ ဒုတိယ စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတော့ စစ်ကောင်စီကို အသိအမှတ်ပြု တဲ့ နိုင်ငံအနည်းငယ်နဲ့ တိုင်းပြည်ကို ရှေ့ဆက်ဖို့ ထုတ်ဖော်ပြောဆိုထားပြီး အဲဒီနိုင်ငံတွေကတော့ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့ ဖြစ်တယ်လို့ စစ်တပ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

BIMSTEC (ဘင်းမ်စတက်ခ်) လို့ခေါ်တဲ့ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနဲ့ နည်းပညာ ဆိုင်ရာ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းက မတ်လ ၂၈ ကနေ ၃၀ အထိ ကျင်းပမယ့် ညီလာခံကိုတော့ ဦးဝဏ္ဏမောင်လွင်ဟာ နေပြည်တော်ကနေ Video Conferencing စနစ်နဲ့ တက်ရောက်နေတယ်လို့လည်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်သူတွေ လမ်းမပေါ်တက် ဆန္ဒပြနေတဲ့အချိန် အဲဒီ ဖေဖော်ဝါရီ ၂၄ ရက်က ဝန်ကြီး ဦးဝဏ္ဏ မောင်လွင် ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဟိုတယ်တစ်ခုမှာ မြန်မာအလံ မပါဘဲနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ အလွတ်သဘော သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။