ဝမ်းတွင်းမြို့နယ်မှာ ပစ်ခတ်ဖမ်းဆီးမှုကြောင့် နှစ်ဦး သေဆုံး

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် နတ်နန်းကျေးရွာမှာ နိုဝင်ဘာလ ၁၈ ရက် မနေ့က စစ်ကောင်စီတပ်သား ၈၀ ခန့် ရောက်ရှိလာချိန် ရွာသားတွေက ကြောက်လန့် ထွက်ပြေးကြတဲ့အတွက် သေနတ်နဲ့ပစ်ခတ်ခဲ့ရာမှာ တက္ကသိုလ် ကျောင်းသားတစ်ဦး အပါအဝင် အမျိုးသားနှစ်ဦးသေဆုံးပြီး နောက်ထပ် ၁၂ ဦးလည်း ဖမ်းဆီး ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသားတွေစုပြီး အရက်ထိုင်သောက်နေကြတဲ့အချိန် စစ်သားတွေရောက်လို့ ကြောက်လန့်ထွက်ပြေး ကြရာမှာ ပစ်ခတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
"PDF တွေရှိတယ်ဆိုပြီး စစ်သားတွေရောက်လာတာ။ သံသယရှိရင်ပစ်ဖို့ သူတို့ကို တိုင်းမှူးက ပစ်မိန့် ပေးထားတယ်လို့လည်း ပြောတယ်။ ကြောက်လို့ ထွက်ပြေးကြတော့ အပစ်ခံရတာ။ သေတဲ့သူရော၊ ဖမ်းခံရသူတွေရောက ရွာကသူတွေပါပဲ။ အလောင်းကိုတော့ သူတို့က သယ်သွားတယ်"
သေဆုံးသွားသူ နှစ်ဦးဟာ အသက် ၂၀ ကျော်အရွယ် ကိုကျော်ထက်နဲ့ ကိုငပွား ဆိုသူတွေဖြစ်ပြီး လည်ပင်းနဲ့ ကျောကို သေနတ်ကျည် ထိမှန်ခဲ့တာလို့ဆိုပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ကျေးရွာသား ၁၂ ဦးကိုတော့ ဝမ်းတွင်းရဲစခန်းကို ခေါ်ဆောင်သွားတဲ့ အတွက် မိသားစုတွေက လိုက်လံ စုံစမ်းနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
မနေ့က ပစ်ခတ်ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ် မေးမြန်းနိုင်ဖို့ RFA က ကြိုးစားနေပါတယ်။
နတ်နန်းကျေးရွာဟာ ဝမ်းတွင်းမြို့နဲ့ တစ်မိုင်ကျော်အကွာမှာရှိတဲ့ ရွာဖြစ်ပါတယ်။