ဝမ်ပေါင်နဲ့ လက်ပံတောင်း ဒေသခံအမှု ငွေဒဏ်နဲ့ အဆုံးသတ်


2019.10.09
lpt-case-court-622.jpg စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသခံတွေကို ၂၀၁၉၊ အောက်တိုဘာ ၉ ရက်နေ့က ဆားလင်းကြီးမြို့နယ်တရားရုံးမှာ တွေ့ရစဉ်
Photo - Tint Aung Soe

သုံးနှစ်ကျော်ကြာ စစ်ဆေးခဲ့တဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း ကြေးနီစီမံကိန်း ဆောင်ရွက်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ ဒေသခံတွေကြား အပြန်အလှန်တရားစွဲဆိုထားမှုကို ဒီနေ့ ဆားလင်းကြီး မြို့နယ်တရားရုံးမှာ အပြီးသတ်အမိန့်ချမှတ်ခဲ့ရာမှာ နှစ်ဘက်စလုံးက ဒဏ်ငွေ အသီးသီးပေးဆောင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ သြဂုတ်လတုန်းက လက်ပံတောင်းတောင်ခြေ၊ နတ်တောင်က ဒေသခံရွာသားတွေ ကိုးကွယ်တဲ့ နတ်စင်ထားရှိတဲ့နေရာမှာ ကုမ္ပဏီယာဉ်မောင်းက မြေစာသွန်ချတဲ့အတွက် ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့တာပါ။

ဒေသခံတွေက စွန့်ပစ်မြေစာတွေ မသွန်ဖို့တားမြစ်ရာမှာ ယာဉ်မောင်းက ရွာသားတွေကို ယာဉ်နဲ့တိုက်တယ်ဆိုပြီး နာကျင်စေမှု ပုဒ်မ ၃၃၇ နဲ့ တရားစွဲဆိုခဲ့သလို ဝမ်ပေါင်ကုမ္ပဏီရဲ့ ဥပဒေအကြံပေးကလည်း ဒေသခံ ခုနှစ်ဦးထဲက လေးဦးကို အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ ပိုင်နက်ကျူးလွန်မှု ၄၄၇ နဲ့ တရားစွဲပြီး၊ ကျန်တဲ့ သုံးဦးကို အကျိုးဖျက်ဆီးမှုနဲ့ သာမာန် နာကျင်စေမှု ပုဒ်မ ၃၂၃ တို့နဲ့ အမှုဖွင့်ခဲ့ပါတယ်။

တရားသူကြီးက ဒေသခံတွေကို ဒဏ်ငွေ ခြောက်သောင်း သို့မဟုတ် ထောင်ဒဏ် ရက် (၃၀) ချမှတ်ခဲ့ရာ၊ ဒေသခံတွေက ငွေဒဏ်ပေးဆောင်ခဲ့တယ်လို့ တရားစွဲခံရသူ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။

"သူတို့ထဲကို ပိုင်နက်ကျူးလွန်မှု၊ တရုတ်ကို ရိုက်တယ်၊ သူတို့ကားကိုလည်း ဖျက်ဆီးတယ်ဆိုပြီး တကယ်တမ်းတော့ ရိုက်ခြင်းလည်းမရှိဘူး။ သူတို့ ဒဏ်ငွေချတော့လည်း ဒဏ်ငွေလျှော်ခဲ့ရတာပေါ့။ စွဲလိုက်တဲ့ အခါကျတော့ သူက တစ်မှုကို ထောင်ဒဏ်က ၁၅ ရက်ပေါ့နော်။ ထောင်ဒဏ် ၁၅ ရက်မကျခံချင်ရင် ဒဏ်ငွေ သုံးသောင်းဆောင်စေဆိုပြီး ပြောထားတာ ပုဒ်မ တစ်ခုကို ဒဏ်ငွေ သုံးသောင်း၊ ထောင်ဒဏ် ၁၅ ရက် စုစုပေါင်းဆိုရင် ထောင်ဒဏ် ရက် ၃၀ ကျမယ်ပေါ့"

နှစ်ဘက် သက်သေတွေ၊ တရားလို၊ တရားစွဲခံရသူ ၃၀ ကျော်ကို စစ်ဆေးပြီး အမိန့်ချခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံသား ယာဉ်မောင်းကို နာကျင်စေမှု ပုဒ်မ ၃၃၇ အတွက် ထောင်ဒဏ် ခြောက်လ သို့မဟုတ် ငွေဒဏ် တစ်သိန်းကျခံစေဖို့ တရားရုံးက ဒီနေ့ အမိန့်ချမှတ်ရာမှာ ငွေဒဏ်ကို ပေးဆောင်သွားခဲ့ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီနဲ့ တရားရုံးဘက်ကို သတင်းရယူရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မုံရွာအခြေစိုက် သတင်းထောက် ကိုကောင်းခန့်လင်းက သတင်းရယူရမှာ အကန့်အသတ်တွေရှိကြောင်း RFA ကိုပြောပါတယ်။

"သူတို့ဘက်ကို ကျနော်တို့ သိပ်ပြီးအဆင်မပြေဘူး။ ဘယ်ချိန်ကနေပြီး ထွက်သွားလိုက်မှန်း ကျနော်တို့ မသိလိုက်ဘူး။ ကျနော်တို့က တရားသူကြီးနဲ့တွေ့ဖို့ လုပ်နေတဲ့ အချိန်မှာ သူတို့က ဘယ်လိုကနေ ဘယ်လို ထွက်သွားမှန်း မသိခဲ့ဘူး။ တရားသူကြီးနဲ့ အသံဖမ်းမယ်၊ ရုပ်သံရိုက်ကူးရေးလုပ်မယ်ဆိုရင် ခွင့်ပြုမိန်တွေဘာတွေ တင်ရသေးတယ်။ သူအနေနဲ့ သိပ်အဆင်မပြေဘူး။ ဒီအပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ယူပြီးမှ လုပ်လိုက်တဲ့အနေအထားပေါ့။ သို့သော်လည်း ပုဒ်မတွေရဲ့ အသေးစိတ်ကို သိခွင့်ရခဲ့တယ်။ သူကလည်း ရှင်းပြပါတယ်"

RFA က ဝမ်ပေါင်ကုမ္ပဏီဘက်ကို အဆက်အသွယ်ရဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။

ဒီနေ့ ဆားလင်းကြီးမြို့နယ် တရားရုံးမှာ ရဲဝန်ထမ်း ၃၀ နီးပါးက လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးတင်းကျပ် ထားတာ တွေ့ခဲ့ရတယ်လို့ သွားရောက်သတင်းရယူခဲ့တဲ့ မုံရွာအခြေစိုက် သတင်းထောက်တွေက ပြောကြပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြတာတွေရှိခဲ့တဲ့အပြင် ကုမ္ပဏီနဲ့ ဒေသခံတွေကြားမှာ မကြာခဏဆိုသလို ပဋိပက္ခဖြစ်ပွားတာတွေရှိနေပါတယ်။

ဒီစီမံကိန်းကို ဝမ်ပေါင်ကုမ္ပဏီနဲ့ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ဆောင်ရွက်နေတာဖြစ်ပါတယ်ရှင်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။