ဗကသဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး ထောင်သုံးနှစ် ထပ်ချခံရ

ထောင်နှစ်နှစ်ကျော် ချမျတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ဒုတိယ ဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးဟာ ဖေဖော်ဝါရီလ ၂၈ ရက် ဒီနေ့မှာ အင်းစိန်ထောင်တွင်းရုံးကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က)နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်ခံလိုက်ရပါတယ်။
ကမာရွတ်မြို့နယ် တရားရုံးမှာ စွဲဆိုခံထားရတဲ့အမှုအတွက် အင်းစိန်ထောင်တွင်း တရားရုံး မှာ အမိန့်ချခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ဒီနေ့ နေ့လယ် ၂ နာရီက ထောင်သုံးနှစ် အမိန့်ချလိုက်တယ်လို့ သိထားပါတယ်။ ပထမတစ်ခေါက် အမိန့်ချပြီးတော့လည်း ထောင်ထဲပြန်အဝင်မှာ အရိုက်ခံရလို့ နံရိုးတွေ ထိထားပါတယ်။ အခုတစ်ခေါက်လည်း အရိုက်ခံရတာတွေများ ဖြစ်မလားဆိုတာ မိသားစုတွေက အရမ်းစိုးရိမ်နေကြပါတယ်"
ကိုဝေယံဖြိုးမိုး ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မတ်လ ၃ ရက်နေ့က တာမွေမြို့နယ် သပိတ် စစ်ကြောင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ အင်းစိန်ထောင်တွင်းကနေ တရားရင်ဆိုင်နေရတာ အချိန်တစ်နှစ်နီးပါး ရှိနေပြီလို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း ကျောက်တံတားမြို့နယ်မှာ စွဲဆိုခံထားရတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅(က) နဲ့ ပုဒ်မ- ၁၉ တို့အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်နှစ်နဲ့ တစ်လ အမိန့်ချမှတ်ခံခဲ့ရပါတယ်။
ဒါ့အပြင် မရမ်းကုန်းမြို့နယ် တရားရုံးမှာလည်း အဲဒီပုဒ်မ နှစ်ခုနဲ့ စွဲဆိုခံထားရတဲ့အတွက် အမှုဆက်လက်ရင်ဆိုင်ရဦးမှာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။