ဝိုင်းမော်မှာ လက်နက်ကြီးကြောင့် ဒေသခံရှစ်ဦး ဒဏ်ရာရ

RFA Burmese
2024.05.22
ဝိုင်းမော်မှာ လက်နက်ကြီးကြောင့် ဒေသခံရှစ်ဦး ဒဏ်ရာရ ဝိုင်းမော်မြို့နယ် ခတ်ချိုရွာထဲ ၂၀၂၄ ခုနှစ် မေလ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတစ်ဦးအား ဆေးရုံသို့ ပို့ဆောင်စဉ်။
Facebook/မွန်မြတ်စေတနာ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုရွာထဲကို မေလ ၂၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ရွာခံရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေက အသက် ၃၀ အရွယ်ရှိကြတဲ့ ဇနီးမောင်နှံနှစ်ဦး၊ အသက် ၁၃ နှစ်ကနေ ၄၅ နှစ်အရွယ် ရှိကြတဲ့ အမျိုးသမီးငါးဦးနဲ့ နောက်ထပ် အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြပါတယ်။

အဲဒီအထဲမှာ ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီးတစ်ဦးကို မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ခဲ့ပြီး ကျန်ဒဏ်ရာ ရသူတွေကတော့ ၀ိုင်းမော်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးက ရွာထဲကို လေးလုံးကျတာမှာ ဒဏ်ရာရတာပေါ့နော်။ မနေ့ကတည်းက ဒဏ်ရာရသူ ရှစ်ယောက်ကို ဆေးရုံပို့လိုက်ပြီ”

ဒီလက်နက်ကြီးကို စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

မေလ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေးတွေအပါအဝင် ခတ်ချိုရွာခံ ခြောက်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ငြင်းဆိုထားပြီး ခတ်ချိုရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာမရှိဘူးလို့ မေလ ၂၂ ရက်ထုတ် မြန်မာ့အလင်းသတင်းစာကတစ်ဆင့် ဖော်ပြပါတယ်။

ခတ်ချိုရွာမှာ အိမ်ထောင်စု ၁၉၀၀ ကျော်နဲ့ လူဦးရေ တစ်သောင်းကျော်နေထိုင်ပြီး လက်ရှိတိုက်ပွဲတွေကြောင့် လူငါးထောင်နီးပါးက ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီ့အပြင် အဲဒီရွာမှာ လူဦးရေ တစ်ထောင်ခန့် ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုရှိပြီး သူတို့ကတော့ ထွက်ပြေးတိမ်းရှောင်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

RFA က ရရှိထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလ ၂၁ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် ကချင်ပြည်နယ်မှာ အရပ်သား ရှစ်ဆယ်နီးပါး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။