၂၀၂၁ ခုနှစ် ဒီဇင်ဘာလကတည်းက ဖမ်းဆီးခံထားရတဲ့ ဧရာဝတီတိုင်း မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝေလင်းအောင်ကို စစ်ကောင်စီရဲ့ မြဝတီခရိုင်တရားရုံးက နိုဝင်ဘာ ၂၈ ရက် ဒီနေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၂၆ နှစ် ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် လေးကေ့ကော် မြို့မှာ ခေတ္တတိမ်းရှောင်နေတဲ့ ဦးဝေလင်းအောင်နဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ တချို့ကို ရဲနဲ့ စစ်အင်အား ၂၀၀ ခန့်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဦးဝေလင်းအောင်ကို မြဝတီခရိုင်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မတွေဖြစ်တဲ့ - ၅၂ (က)၊ ၅၀ (က)၊ ၅၀ (ည)၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ- ၁၂၂ တို့ စွဲချက်တင်ပြီး ၁၁ လကြာ အမှုစစ်ဆေးခဲ့ပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ ဦးဝေလင်းအောင်ကို အလုပ်နဲ့ ထောင်ဒဏ် ၂၆ နှစ် ချမှတ်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"၅၂ (က)၊ ၅၀ (က)နဲ့ ၅၀ (ည) အဲဒီသုံးခုအတွက်က ၂၆ နှစ်၊ ပုဒ်မ- ၁၂၂ က ၂၀ နှစ်ပေါ့နော်၊ တရားသူကြီးက တစ်ပေါင်းတည်း ကျခံစေလို့ အမိန့်ချတဲ့အတွက် စုစုပေါင်း ၄၆ နှစ်အစား ၂၆ နှစ်ပဲ ဖြစ်သွားတာပေါ့နော်၊ အလုပ်နဲ့ ထောင်ဒဏ် ၂၆ နှစ်ပါ"
အသက်သုံးဆယ်ကျော်သာ ရှိသေးတဲ့ လွှတ်တော်အမတ် ဦးဝေလင်းအောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ထပ်မံအနိုင်ရရှိထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ရဲနဲ့ စစ်တပ်က NLD လွှတ်တော်အမတ်တွေနဲ့ ပါတီဝင်တွေကို လိုက်လံဖမ်းဆီးနေတဲ့အတွက် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် လေးကေ့ကော်မြို့မှာ တိမ်းရှောင်နေစဉ် အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူ ၂၀ ကျော်နဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။
စစ်ကောင်စီဟာ ဧရာဝတီတိုင်းက NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးသန်းထွဋ်အောင်၊ ဦးသိန်းထွန်းနဲ့ ဦးအောင်အောင်ဦးတို့ကိုလည်း နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ- ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့နဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ခဲ့ပါတယ်။
ထပ်မံရရှိတဲ့ သတင်းတွေအရ ဦးဝေလင်းအောင်နဲ့အတူ အဖမ်းခံထားရတဲ့ ဧရာဝတီတိုင်းက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ပြည့်ဖြိုးလည်း ဒီနေ့မွန်းလွဲပိုင်းမှာ မြဝတီခရိုင် တရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။