ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းက တိုက်ခန်းတစ်ခုကို စစ်ကောင်စီက ဝင်ရောက်ပစ်ခတ် ဖမ်းဆီးချိန် တိုက်ပေါ်က ခုန်ချပြီး သေဆုံးသွားသူတွေထဲက မဝေဝေမြင့် (ခေါ်) ပန်းသီးရဲ့ ရုပ်လောင်းကို မင်္ဂလာဒုံက ကုတင် ၁၀၀၀ စစ်ဆေးရုံကနေတဆင့် ဩဂုတ်လ ၁၁ ရက် မနေ့ညနေပိုင်းက ရွှေပြည်သာ မြို့နယ်က ကျူချောင်သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
မဝေဝေမြင့် (ခေါ်) ပန်းသီးရဲ့ ခင်ပွန်း ဒေါက်တာ စိုးမြတ်သူကတော့ သူ့ဇနီးရဲ့အလောင်းကို ဓာတ်ပုံရိုက်ခွင့် မရသလို အရိုးပြာလည်း ယူခွင့်မရခဲ့ဘူးလို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
သေသွားခဲ့ရင် မီးမသင်္ဂြိုဟ်ဘဲ ဂူသွင်းသင်္ဂြိုဟ်ဖို့ ဇနီးဖြစ်သူ သက်ရှိထင်ရှားရှိစဉ်က မကြခဏ ပြောတာကြောင့် သူ့ဇနီးဖြစ်သူရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ဂူသွင်းသင်္ဂြိုဟ် ပေးချင်တယ်လို့ RFA ကို ဩဂုတ်လ ၁၁ ရက် မနေ့က ပြောဆိုထားပါတယ်။
အခင်းဖြစ်နေရာမှာတင် သေဆုံးသွားတဲ့ နှစ်ယောက်ထဲမှာ မဝေဝေမြင့် (ခေါ်) ပန်းသီးသာ သေဆုံးကြောင်း မိသားစုအနေနဲ့ အတည်ပြုလို့ရပေမယ့် မနေ့ကအထိ သေဆုံးတယ်လို့ နာမည်ထွက်နေတဲ့ ကိုရဲမင်းဦးမှာ လက်ရှိ ကုတင် ၃၀၀ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး အမှန်တကယ်သေဆုံးသူဟာ အခြားတစ်ဦးသာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ ကိုရဲမင်းဦးကို မိသားစုက တွေ့ခွင့်မရသေးသလို နာမည်နဲ့လူပုံနဲ့ တိုက်ဆိုင်အတည်ပြုပေးဖို့လည်း ခွင့်မပြုတာကြောင့် အတည်ပြုလို့မရ ဖြစ်နေတယ်လို့ ကိုရဲမင်းဦးရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီပိုင် မြဝတီသတင်းဌာနရဲ့ ဩဂုတ်လ ၁၁ ရက်ညပိုင်း သတင်း ကြေညာချက်မှာတော့ တိုက်ပေါ်က ခုန်ချသူငါးဦးမှာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသလို သုံးဦးကို ဖမ်းမိထားတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် သေဆုံး ဒဏ်ရာရသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ဒါ့အပြင် ဝင်ရောက်ဖမ်းဆီးချိန် သေနတ်နဲ့အပစ်ခံရပြီး သေဆုံးတယ်လို့ သတင်းထွက်ပေါ်နေတဲ့ ကိုကောင်းမင်းသန့် (ခ) Flex အကြောင်းကိုလည်း စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။
ပြည်တွင်းသတင်းဌာန အချို့မှာတော့ တိုက်ပေါ်ကနေ ခုန်ချခဲ့တဲ့ ငါးဦးထဲက သေဆုံးသူ နှစ်ဦးဟာ မဝေဝေမြင့် နဲ့ ကိုဝေဇော်ထက်လို့ ဖော်ပြထားကြသလို ဆေးရုံရောက်တဲ့သုံးဦးဟာ ကိုရဲမင်းဦး(ခ)ရဲကြီး၊ ကိုမင်းသစ္စာမောင် နဲ့ ကိုဝေယံထက်တို့ ဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
တိုက်ပေါ်က ခုန်ချသူ ငါးယောက်ထဲမှာ နှစ်ယောက်ဟာ နေရာမှာတင် သေဆုံးသွားပြီး ကျန်တဲ့ သုံးဦးကတော့ ခြေထောက်ကျိုးတာ၊ ခေါင်းကိုထိခိုက်တာ စတဲ့ ဒဏ်ရာတွေ ရခဲ့တာကြောင့် စစ်ကောင်စီရဲ့ မင်္ဂလာဒုံ ကုတင် ၁၀၀၀ စစ်ဆေးရုံကို ပို့ဆောင် ပေးခဲ့ရတယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ လင်းလက် ပရဟိတအဖွဲ့ ဖြေဆို ထားပါတယ်။
လက်ရှိအချိန်အထိ မဝေဝေမြင့် မိသားစုကလွဲပြီး အခြားသေဆုံးဒဏ်ရာ ရရှိသူတွေရဲ့ မိသားစုတွေကို စစ်ကောင်စီဘက်က အကြောင်းကြား ဆက်သွယ်တာ မရှိသေးတာကြောင့် မိသားစုတွေအနေနဲ့လည်း သေသလား ရှင်သလား၊ ဒဏ်ရာရလားဆိုတာ အတိအကျ သိရဖို့ခက်ခဲနေသလို RFA အနေနဲ့လည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။