စာချုပ်သစ်အတိုင်း ကြေးနီစီမံကိန်း ကို အကောင်အထည်ဖော်မယ်လို့ ဝမ်ပေါင်ကုမ္ပဏီ ကတိပြု
2013.07.26

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စာချုပ်သစ်မှာ ပါတဲ့အတိုင်း တရုတ်ဝမ်ပေါင် ကုမ္ပဏီအနေနဲ့ လေးစား လိုက်နာသွားမှာဖြစ်ပြီး စာချုပ်ပါအချက်လက်တွေအတိုင်း အကောင်ထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဝမ်ပေါင် ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ မစ္စတာ Gen Yi ဂန်းယီက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
နေပြည်တော် သတ္တုဝန်ကြီးဌာနရုံးအဆောက်အုံ မှာ ကျင်းပတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်း စာချုပ်သစ်နဲ့ ပတ်သက်ပြီးပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ Gen Yi က စကားပြန်က တဆင့် ခုလို ပြောကြားလိုက်တာပါ။
စာချုပ်သစ်အရ ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ တာဝန်သိ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေကို ဦးစားပေးလုပ်ကိုင် သွားမှာဖြစ်ပြီး အသားတင်အမြတ်ငွေတွေထဲက တနှစ်ကို ၂ ရာခိုင်နှုန်းအထိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အတွက် အသုံးပြုသွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကြေးနီထုတ်လုပ်မှု မစတင်ခင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အမေရိကန် ဒေါ်လာ ၁ သန်း လှူဒါန်း သွားမှာဖြစ်တယ်လို့ သိရပါတယ်။ စာချုပ်အသစ်အရ မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း၊ တရုတ်ဝမ်ပေါင် ကုမ္ပဏီက ၃ဝ ရာခိုင်နှုန်းနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ၁၉ ရာခိုင်နှုန်းစသဖြင့် အမြတ်ငွေရဲ့ အချိုးကျခွဲဝေယူမယ် လို့ သိရပါတယ်။ စာချုပ်ကို တရုတ်ဝမ်ပေါင် ကုမ္ပဏီ၊ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်၊ မြန်မာအစိုးရရဲ့ သတ္တုတွင်း ဝန်ကြီးဌာနတို့အကြား ချုပ်ဆိုခဲ့တာဖြစ်ပြီး သတ္တုတွင်းဝန်ကြီးဌာနက လက်မှတ်ရေးထိုးခ အမေရိကန်ဒေါ်လာ ၅ သန်း ရရှိမယ်လို့လည်း သိရပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက် အတိုင်း အရင်ကစာချုပ်ကို အသစ်ပြန်လည်ချုပ်ဆိုလိုက်တဲ့အကြောင်း မနေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအေဝးမှာ သတ္တုတွင်းဝန်ကြီးဌာနအပါအဝင် တာဝန်ရှိသူတွေက လာရောက်ရှင်းလင်းတင်ပြခဲ့ပါတယ်။
အဲ့ဒီကော်မတီရဲ့ ဆောင်ရွက်ချက်တွေ ရှင်းလင်းတင်ပြချက်တွေနဲ့ ပတ်သက်ပြီး လက်ပံတောင်းတောင် ဒေသခံတွေ နဲ့ ပညာရှင်တွေရဲ့ သဘောထားအမြင်တွေကို RFAသတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။