ပင်လုံညီလာခံကို ကော်မတီနဲ့ တက်မယ်လို့ ပန်ခမ်း ဆုံးဖြတ်
2017.05.18

စတုတ္ထအကြိမ် ပန်းခမ်းညီလာခံက ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင် ၇ ဖွဲ့ဟာ တဖွဲ့ချင်းစီ မဟုတ်ဘဲ ကော်မတီအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို တက်ရောက်ဖို့ အသင့်ရှိတဲ့ အကြောင်း ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်လိုက် ပါတယ်။
၀ ဒေသ ပန်ခမ်းမြို့မှာကျင်းပတဲ့ အစည်းအဝေးက ထုတ်ပြန်တာဖြစ်ပြီး ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို ကြိုဆိုတယ်လို့လည်း ဖော်ပြပါတယ်။
အားလုံးပါဝင်ရေးမူကို အလေးထားပြီး ကြိုတင်ကန့်သတ်ချက်မထားဘဲ တိုင်းရင်းသားတွေ၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး တန်းတူရည်တူပါဝင်ခွင့်ရှိဖို့လည်း တိုက်တွန်းပါတယ်။
ဒီ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး အောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့ လောလောဆယ် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန်းကရပ်ဖို့လိုပြီး မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးကိစ္စအတွက် အစိုးရနဲ့ တပ်တို့ ဟာ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီနဲ့ အမြန်တွေ့ဆုံဆွေးနွေးညှိနှိုင်းဖို့ လိုအပ်တယ် လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေမှာ AA ရခိုင့်တပ်မတော်၊ TNLA - တအာင်း ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့၊ MNDAA ကိုးကန့်အဖွဲ့၊ KIA ကချင် လွတ်မြောက်ရေးတပ် UWSA ဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့၊ SSA နဲ့ NDAA အဖွဲ့တွေ ပါဝင်ပါတယ်။