ဖမ်းဆီးခံထားရတဲ့ Voice of Myanmar (VOM) သတင်းဌာနက အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ကိုရှိုင်းအောင်တို့ကို လက်ရှိဖမ်းထားတဲ့ မန္တလေး နန်းတွင်းစစ်တပ်ထောင်ထဲကနေ ဒီကနေ့ အိုးဘိုထောင်ကို ပြောင်းရွှေ့လိုက်ပါတယ်။
ဒီကနေ့ အိုးဘိုးထောင်တွင်းတရားရုံးမှာ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ ကိုနေမျိုးလင်းရဲ့ မိသားစုဝင်တစ်ဦးက RFA ကိုပြောပါတယ်။
VOM သတင်းဌာနက ရေးခဲ့တဲ့သတင်းတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားတွေပါဝင်လို့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲခံရတာလို့ သိရှိခဲ့ရကြောင်း မိသားစုက ပြောပါတယ်။
" သတင်းတချို့မှာ အာဏာရှင်ဆန့်ကျင်ရေးဆိုတဲ့စာတွေက ပြည်သူတွေဆူပူအောင် ၊အထင်လွဲအောင် လုပ်တယ်ဆိုပြီး တရားစွဲတာလို့ သိရတယ်။ ဒီကနေ့ တရားလိုနဲ့ တရားလိုပြသက်သေစစ်တယ်။ တရားလိုက အမှတ် (၁၀) စခန်းက စခန်းမှူး ပါ။ မိသားစုက တွေ့ခွင့်မရသေးလို့ ထောင်မှာ တွေ့ခွင့်တော့ တင်သွားမှာပါ" လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
VOM သတင်းဌာန အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ ကိုရှိုင်းအောင်တို့ကို ဆွေးနွေးစရာရှိလို့ လာခဲ့ဖို့ စစ်ကောင်စီက ဖိတ်ခေါ်ခဲ့တဲ့အတွက် ဧပြီလ ၂၇ ရက်နေ့က နန်းတွင်းကို သွားရောက်ခဲ့ရာကနေ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ နောက်တပတ် ရုံးချိန်းကတော့ ဇွန်လ ၁၇ ရက်နေ့ဖြစ်ပါတယ်။