ရခိုင်ပြည်နယ်ကို ဝင်ရောက်လေ့လာခွင့်ပြုဖို့ ကုလထိပ်တန်း ကိုယ်စားလှယ် တောင်းဆို
2018.05.30

ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်လေ့လာခွင့် မရှိတဲ့အချက်ကို စိုးရိမ်ပူပန်မိကြောင်း ကလေးသူငယ်များနဲ့ စစ်ရေးပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Virginia Gamba က မနေ့က ပြောကြားလိုက်ပါတယ်။
သတ်ဖြတ်မှု၊ ထိခိုက်ဒဏ်ရာရမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်တွေ ရှိနေတဲ့အကြောင်း ကုလသမဂ္ဂက လက်ခံရရှိထားတဲ့ စာရင်းဇယားတွေဟာ အထူးစိုးရိမ်စရာဖြစ်ကြောင်း၊ ဒါပေမယ့် ပိုပြီး စိုးရိမ်စရာကောင်းတာက ဝင်ရောက်လေ့လာစောင့်ကြည့်ခွင့် မရရှိတဲ့အတွက် အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း မသိရှိရတဲ့အချက်ဖြစ်ပါကြောင်း မနေ့က ရန်ကုန်မြို့မှာ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ် Ms. Gamba က ပြောပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ ၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ ရခိုင်ပြည်နယ်ထဲကို ဝင်ရောက်လေ့လာခွင့်ပြုဖို့ တောင်းဆိုခဲ့ပြီး မကြာခင်မှာ ဒီတောင်းဆိုချက်ကို မြန်မာအာဏာပိုင်တွေက ခွင့်ပြုလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။
မနေ့က သတင်းစာရှင်းလင်းပွဲမှာပဲ မြန်မာနိုင်ငံအနေနဲ့ ကလေးစစ်သားစုဆောင်းမှု ပပျောက်ရေး ကုလသမဂ္ဂ နဲ့ ပူးတွဲအစီအစဉ်လက်မှတ်ရေးထိုးထားပေမယ့် အပြည့်အဝ အကောင်အထည်ဖော်ဖို့ နှေးကွေးနေတယ်လို့လည်း ပြောပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ တပ်ကပြန်လွှတ်ပေးတဲ့ ကလေးစစ်သားတွေနဲ့ ပတ်သက်လို့ ပြန်လည်စိစစ်နိုင်ဖို့ နေရာအထောက်အထားတွေ တောင်းဆိုထားတဲ့အပေါ် တုံ့ပြန်ဖြေရှင်းဖို့ ပျက်ကွက်နေဆဲပဲလို့ လည်း ပြောပါတယ်။