မြန်မာမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မြင့်တက်လာကြောင်း ဗြိတိန်သံအမတ်ပြော
2024.11.25

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အလျင်အမြန် မြင့်တက်လာကြောင်း ရန်ကုန်မြို့က ဗြိတိန်သံရုံးရဲ့ သံရုံးအကြီးအကဲ Ken O’Flaherty က ပြောလိုက်ပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့က ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့မှာ ဗြိတိန်သံရုံးအကြီးအကဲက သံရုံး ဖေ့ဘွတ်စ် စာမျက်နှာကနေ ပြောဆိုလိုက်တာပါ။
“လိင်ပိုင်းဆိုင်ရာ နဲ့ ကျား-မ အခြေပြုအကြမ်းဖက်မှုတွေက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးစဥ်ကတည်းက အလျင်အမြန်မြှင့်တက်လာပါတယ်။ အကြမ်းဖက်ရာမှာ မတရားဖမ်းဆီးချုပ်နှောင်မှု၊ အွန်လိုင်းအကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေအပြင် ငယ်ရွယ်စဥ် အတင်းအကျပ်လက်ထပ်စေခြင်းများလည်း ပါဝင်ပါတယ်”
အကြမ်းဖက်မှုတွေကို တားဆီးနိုင်အောင် အားလုံးလက်တွဲလုပ်ဆောင်ဖို့ အရေးကြီးကြောင်းလည်း Ken O’Flaherty က ပြောပါတယ်။
ဗြိတိန်သံရုံးထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာ ၁၆ ရက်ကြာ လှုပ်ရှားမှုကိုလည်း နိုဝင်ဘာ ၂၅ ရက်နေ့မှာ စတင်ခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်မယ့် လူ့အခွင့်အရေးနေ့အထိ လှုပ်ရှားဆောင်ရွက်မှုတွေ လုပ်သွားကြမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပျောက်ရေး အားလုံးပါဝင်တောင်းဆိုဖို့ ဗြိတိန်သံရုံးက တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေတိုးလာတယ်လို့ပြောပေမဲ့ အရေအတွက်ကိုတော့ ဗြိတိန်သံရုံးက ထည့်သွင်းပြောဆိုတာမရှိပါဘူး။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အခမ်းအနားတွေကို အမျိုးသမီးအရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကလည်း နိုဝင်ဘာ ၂၅ ရက်နေ့က စတင် ကျင်းပနေကြပါတယ်။