နမ့်ခမ်းမြို့နယ် တိုက်ပွဲများကြောင့် ဒုက္ခသည် ၈၀၀ ကျော် ထပ်တိုး
2014.07.28

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်ပူးကျေးရွာ မှာ တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ နှစ်ဘက်တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ၈၀၀ ကျော်လောက်ဟာ နမ့်ခမ်းမြို့မှာ "မန်ပူး ဘုံအိမ်" အမည်နဲ့ ယာယီစစ်ဘေးဒုက္ခသည်စခန်း ဖွင့်လှစ်ပြီး ခိုလှုံနေထိုင်နေကြပါတယ်။
စစ်ဘေးဒုက္ခသည်တွေအတွက် ၁၀ ရက်စာ စားနပ် ရိက္ခာ ရရှိထားတယ်လို့ ယာယီစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးလျိုတေ့က အခုလို ပြောပါတယ်။
"ကျနော်တို့ဒေသတွေမှာ တိုက်ပွဲတခါမှ မကြုံတဲ့အခါ ကျတော့ ရွာသူရွာသားတွေ ကြောက်လန့်ပြီးတော့ မြို့ပေါ်ကို တက်ပြေးလာကြတယ်၊ ခုတော့ ၁ဝ ရက်လောက် ကျနော်တို့ရိက္ခာအတွက် ဖူလုံသွားပြီ၊ ဟင်းဖိုးလေးဘာလေးပဲ နည်းနည်းလိုတော့တယ်"
ဒီလ ၁၉ရက်နေ့ညကစပြီး တပ်မတော်နဲ့ TNLA တို့အကြား ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
အဲဒီဒုက္ခသည်တွေကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ကောင်ခါး ပြည်သူ့စစ်အဖွဲ့၊ မူဆယ် K.B.C ၊ တအာင်းစာပေနဲ့ ယဉ်ကျေးမှုအသင်းတို့က ဆန်၊ ဆီ၊ စောင်၊ ခြင်ထောင်၊ မိုးရေကာဖျင်တွေ ထောက်ပံ့ပေး ထားတယ်လို့ သိရပါတယ်။
ဒီနှစ်အတွင်း တပ်မတော်နဲ့ TNLA အကြား တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။