Victoria ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုအတွက် ကျူးလွန်သူ ဘယ်သူလဲဆိုတာနဲ့ ပတ်သက်လို့ မိသားစုက Victoria ကို ဖုန်းကင်မရာနဲ့ မေးမြန်း ရိုက်ကူးထားတဲ့ တယ်လီဖုန်းကို သက်သေအဖြစ် လက်မခံဖို့ အစိုးရဘက်က ဥပဒေအရာရှိက ကန့်ကွက်ခဲ့ပေမယ့် တရားရုံးက ပယ်ချလိုက်ပါတယ်။
အသက်သုံးနှစ် မပြည့်သေးတဲ့ Victoria ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုအတွက် သက်သေတစ်ဦးဖြစ်တဲ့ ကလေးရဲ့ အဖွားဖြစ်သူကို အစိုးရဘက်က ဥပဒေအရာရှိ ဦးကျော်မင်းအောင်နဲ့ စွပ်စွဲခံထားရသူ အောင်ကြီးဘက်က ရှေ့နေ ဒေါ်စုဒါလီအောင် တို့က ဒီနေ့ နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ အပြန်အလှန် မေးမြန်းခဲ့ပါတယ်။
ဒီနေ့ ရုံးချိန်းက ငါးကြိမ်မြောက်ဖြစ်ပါတယ်။
Victoria ကို မေးမြန်းရိုက်ကူးထားတဲ့ တယ်လီဖုန်းကို အသုံးပြုပြီး Victoria ရဲ့ အဖွားဖြစ်သူကို အောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်က စစ်မေးရာမှာ တရားရုံးက လက်မခံဖို့ ဥပဒေအရာရှိ ဦးကျော်မင်းအောင်က ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ တရားသူကြီးက ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ တတိယအကြိမ်မြောက်ရုံးချိန်းမှာ တရားရုံးက အဲဒီဖုန်းကို သက်သေအဖြစ် လက်ခံပြီးဖြစ်လို့ ကန့်ကွက်ချက်ကို လက်မခံဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။
ဒီနေ့ Victoria ရဲ့ အဖွားဖြစ်သူ ထွက်ဆိုချက်အရ ကလေးငယ်ကို ဓာတ်ပုံတွေကြည့်ပြီး မေးမြန်းခဲ့ရာမှာ လက်ရှိ စွပ်စွဲခံထားရတဲ့ အောင်ကြီးကို မသိကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။
ကိုကိုနဲ့ ညီညီတို့ ပုံကို တွေ့ရာမှာ စိတ်ဆိုးမာန်ဆိုးနဲ့ ကလေးက လက်နဲ့ရိုက်ခဲ့ပြီး "သူတို့ကို ဓားနဲ့ ထုပစ်လိုက်၊ တုတ်နဲ့ ထုပစ်လိုက်၊ မချစ်လို့ ဆိုပြီး ပြောခဲ့သလို မီးမီးကို လုပ်လို့လေ၊ မီးမီးဖင်ဖုကို လုပ်လို့လေ၊ မကျေနပ်လို့" ဆိုပြီး ပြောခဲ့တယ်လို့ အဖွားဖြစ်သူက တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
စွပ်စွဲခံထားရသူ အောင်ကြီးဘက်က တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် က အောင်ကြီးကို လွတ်မြောက်အောင် တစ်ဘက်ကကြိုးပမ်းရင်းနဲ့ တကယ့်တရားခံ အစစ်အမှန်ကိုပါ ဖော်ထုတ်ဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။
တစ်ဆက်တည်းမှာပဲ မုဒိမ်းမှုနဲ့ တရားစွဲခံထားရတဲ့ အောင်ကြီး အာမခံရဖို့ နောက်ပိုင်းမှာ ကြိုးစားသွားဖို့ ရှိတယ်လို့ ပြောပါတယ်။
အဲဒီ မှုခင်းဖြစ်ပွားတဲ့ မေလ ၁၆ နေ့က CCTV မှတ်တမ်းဖိုင်ကို ကြည့်ရှု စစ်ဆေးဖို့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက ကိုရန်နောင်ဌေးကို ရုံးတော်က ချိန်းဆိုထားပေမယ့် ဒီနေ့ သူယူလာတဲ့အထဲမှာ Hard disk မပါဝင်ပဲ ကွန်ပြူတာ system ပုံးကြီးသာ ပါလာတဲ့အတွက် မစစ်ဆေးနိုင်တော့ဘဲ နောက်တစ်ကြိမ် ထပ်မံချိန်းဆိုလိုက်ရပါတယ်။
Victoria ကလေးငယ်ကို လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ Video Conferencing စနစ်နဲ့ သုံးပြီး သီးသန့် တရားရုံးမှာ စစ်ဆေးသွားမှာဖြစ်ပါတယ်။
ဒီနေ့ တရားခွင်မှာ လာရောက်နားထောင်ခဲ့တဲ့ IT နည်းပညာ ကျွမ်းကျင်သူ ကိုစိုးသီဟနောင်က ဒီနေ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက ကိုရန်နောင်ဌေး ယူလာတာဟာ CCTV မှတ်တမ်းပါတဲ့ Hard disk မဟုတ်ဘူးလို့ ပြောပါတယ်။
စွပ်စွဲခံထားရသူ အောင်ကြီးဘက်က တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် က ဒီအမှုကို စိတ်ဝင်စားတဲ့ ပြည်သူလူထု စိတ်ချမ်းသာဖို့ အခြေအနေများနေပြီး အများမျှော်လင့်တောင့်တတဲ့ အဖြေမျိုးရဖို့ မျှော်လင့်ချက်တွေ ရှိလာပြီလို့ ပြောပါတယ်။
(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)