ဗစ်တိုးရီးယားအမှုမှာ ပါဝင်သူများ အပြန်အလှန် အမှုဖွင့်
2019.10.07

Wisdom Hill မူကြိုကျောင်းက ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ရှေ့နေ ဒေါ်စုဒါလီအောင်ကို ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားပြီး ဒီနေ့ CMP လို့ ခေါ်တဲ့ မှုခင်းစီမံခန့်ခွဲမှုကို ပြုလုပ်ခဲ့ပါတယ်။
ဒီအမှုကို စွပ်စွဲခံထားရတဲ့ ဒေါ်စုဒါလီအောင်ဘက်က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသိန်းဦးနဲ့ ဦးခင်မောင် ဇော်တို့က ဦးဆောင်ပြီး လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်။
ဒေါ်ဥမ္မာလှိုင်က ရှေ့နေ ဒေါ်စုဒါလီအောင်ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအပါအဝင် နိုင်လွတ်လုံ ဥပဒေနဲ့ပါ ပတ္တာနယ်မြေ ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပေမယ့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ တရားစွဲခွင့်သာရခဲ့တာပါ။
ဒေါ်စုဒါလီအောင်ရဲ့ ရှေ့နေ ဦးသိန်းသိန်းဦးကတော့ နိုင်လွတ်လုံ ဥပဒေနဲ့ အမှုဖွင့်ခဲ့တဲ့သူကို နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့လုံခြုံမှုကို ကာကွယ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မနဲ့ ပြန်အမှုဖွင့်မယ်လို့ ပြောပါတယ်။
ဒေါ်စုဒါလီအောင်ရဲ့ ရှေ့နေ နောက်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဇော်ကလည်း နိုင်လွတ်လုံ ပုဒ်မနဲ့ ဘာကြောင့် ပြန်ပြီး အမှုဖွင့်ရသလဲဆိုတာကို ရှင်းပြပါတယ်။
Wisdom Hill မူကြိုကျောင်းက ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က သူရဲ့ သားနှစ်ဦးဖြစ်သူ ကိုကို၊ ညီညီတို့နဲ့ ပတ်သက်ပြီး အမှန်တရားကို တစ်ကန့်ချင်းစီ ချပြမယ်လို့ သတင်းထောက်တွေကို အရင်က ပြောခဲ့တာရှိပြီး တရားရုံးကထွက်လာမယ့် အဖြေကို စောင့်ကြည့်ဖို့ ဒီနေ့ ထပ်မံပြောဆိုပါတယ်။
ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်လို့ ရေးသားဖော်ပြတဲ့ သတင်းထောက်တွေကို တရားစွဲဆိုဖို့ အစီအစဉ် မရှိကြောင်း ဒေါ်ဥမ္မာလှိုင်က အတည်ပြုပြောဆိုသွားပါတယ်။
မုဒိမ်းမှု ပုဒ်မနဲ့ ဖမ်းဆီး တရားစွဲခံထားရတဲ့ ကိုအောင်ကြီးနဲ့ ပတ်သက်လို့ အမှန်တရားအတိုင်း ဖြစ်ရမှာဖြစ်ကြောင်း၊ သူကျူးလွန်ခဲ့သလားဆိုတာကို တရားရုံးက အဖြေထုတ်ပေးမှာဖြစ်ကြောင်း ဒေါ်ဥမ္မာလှိုင်က သတင်းထောက်တွေကို ပြောပါတယ်။
တရားလို ဒေါ်ဥမ္မာလှိုင်ရဲ့ ရှေ့နေ ဦးအောင်ရဲစိုး ကတော့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆိုခဲ့တဲ့ အခြေအနေကို ပြောပြပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့မှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ ပတ်သက်လို့ တရားလိုဘက်ကို စတင်စစ်ဆေးမှာဖြစ်ပြီး ဒီအမှုကို ကိုးလ အတွင်း အပြီးသတ် စစ်ဆေးဖို့ နှစ်ဖက်ရှေ့နေတွေက သဘောတူခဲ့ပါတယ်။
ဗစ်တိုးရီးယားအပါအဝင် သူ့ရဲ့ဖခင်၊ မိခင် စတဲ့သူတွေရဲ့ တရားရုံးမှာ ထွက်ဆိုချက်တွေကို သတင်းထောက်တွေကို ပြန်လည်ပြောပြခဲ့ရာမှာ မိသားစုဂုဏ်သိက္ခာနဲ့ ကလေးတွေကို ထိခိုက်နစ်နာစေတယ်ဆိုပြီး ရှေ့နေ ဒေါ်စုဒါလီအောင် ကို ဒေါ်ဥမ္မာလှိုင်က ပြန်တရားစွဲဆိုထားတာပါ။
ရှေ့နေ ဒေါ်စုဒါလီအောင်အနေနဲ့ တရားစွဲခံရတဲ့အတွက် ဗစ်တိုးရီးယားအမှုမှာ အားနည်းသွားနိုင်သလားလို့ မေးကြည့်ရာမှာ အဲဒီလို ဖြစ်စရာ အကြောင်းမရှိဘူးလို့ ဒေါ်စုဒါလီအောင်က ပြောပါတယ်။
ရှေ့နေ ဒေါ်စုဒါလီအောင်ကို တရားစွဲထားတဲ့နည်းတူ ဒေါ်ဥမ္မာလှိုင်က ဗစ်တိုးရီးယားရဲ့ ဖခင်ဖြစ်သူအပါအဝင် ခြောက်ဦးကိုလည်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂) နဲ့ ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေ ရဲစခန်းမှာ ထပ်မံအမှုဖွင့်ထားပါတယ်။
ဒါပေမဲ့ သူတို့ ခြောက်ဦးကို အဲဒီပုဒ်မနဲ့ အမှုဖွင့်ထားတာကို တရားရုံးမှာ စစ်ဆေးဖို့ သင့်၊ မသင့် ဥပဒေရုံးက မဆုံးဖြတ်ရသေးပါဘူး။
(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)