မြန်မာ့အရေး ဦးဆောင်လှုပ်ရှားခဲ့သူ ချက်သမ္မတဟောင်း ကွယ်လွန်

မြန်မာ့ ဒီမိုကရေစီအရေးအတွက် နိုင်ငံတကာ သံတမန်ရေးရာ ဆောင်ရွက်မှုတွေမှာ အစဉ်တစိုက် အားပေး ဦးဆောင် လှုပ်ရှားခဲ့သူ ချက်ကိုစလိုဗက်ကီးယားနဲ့ ချက်သမ္မတနိုင်ငံရဲ့ သမ္မတဟောင်း Vaclav Havel ဟာ ချက်နိုင်ငံက သူ့ရဲ့ နေအိမ်မှာ ဒီကနေ့ ကွယ်လွန်သွားပါတယ်။

ချက်သမ္မတနိုင်ငံ၏ သမ္မတဟောင်း ဗားစလက် ဟာဗဲလ်ကို ကုလသမဂ္ဂ အစည်းအဝေးတခုတွင် တွေ့ရစဉ်။
ချက်သမ္မတနိုင်ငံ၏ သမ္မတဟောင်း ဗားစလက် ဟာဗဲလ်ကို ကုလသမဂ္ဂ အစည်းအဝေးတခုတွင် တွေ့ရစဉ်။ (UN Photo/Mark Garten)

မစ္စတာဟာဗဲလ်ဟာ ၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခံရဖို့အတွက် အဓိက ထောက်ခံခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် မစ္စတာဟာဗဲလ်ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အရေးယူဖို့အတွက် "Threat to Peace- "ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှု" အမည်ရှိ အစီရင်ခံစာကို တောင်အာဖရိက နိုင်ငံက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့အတူ ပူးတွဲ ရေးသားပြီး ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလမှာ တင်ပြခဲ့ပါတယ်။

မစ္စတာဟာဗဲလ်ဟာ ချက်ကိုစလိုဗက်ကီးယား နိုင်ငံမှာ ကွန်မြူနစ်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ Velvet Revolution ဘဲလ်ဗက် တော်လှန်ရေးကို ဦးဆောင်ခဲ့သူဖြစ်ပြီး လွတ်လပ်ပြီး ဒီမိုကရေစီနိုင်ငံ ဖြစ်လာတဲ့ ချက်သမ္မတနိုင်ငံရဲ့ ပထမဆုံး သမ္မတအဖြစ် ၁၉၈၉ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

သူဟာ ပြည်ပအခြေစိုက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအတွက် နိုင်ငံတကာ သံတမန်ရေးရာ လှုပ်ရှားမှုတွေမှာ အမြဲလိုလို ကူညီပံ့ပိုး ပေးခဲ့သူလည်း ဖြစ်ပါတယ်။

သမ္မတဟောင်း မစ္စတာ ဗဲဆလက် ဟာဗဲလ်ကို ၁၉၃၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှာ ချက်ကို စလိုဗက်ကီးယားနိုင်ငံ ပရာ့ဂ်မြို့က ချမ်းသာတဲ့ မြေပိုင်ရှင်မိသားစုက မွေးဖွားခဲ့တာဖြစ်ပြီး ငယ်စဉ်ကတည်းက မိဘတွေမှာ ရုပ်ရှင်စတူဒီယို ပိုင်ဆိုင်တဲ့အတွက် ပြဇာတ် ဇာတ်လမ်းရေးသားမှုမှာ ဝါသနာထုံသူ ဖြစ်ပါတယ်။ မကွယ်လွန်မီ နောက်ဆုံးအချိန်အထိ ရုပ်ရှင်ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။