တရုတ်ကိုဗစ်ကာကွယ်ဆေးတွေ အာဆီယံ အထူးကိုယ်စားလှယ်ကတစ်ဆင့် မြန်မာကို ထောက်ပံ့

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ကတစ်ဆင့် မြန်မာအတွက် ကိုဗစ်ကာကွယ်ဆေး အလုံးရေ နှစ်သန်းကို တရုတ်က ဒီနေ့ထောက်ပံ့ခဲ့ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းဟာ ဇွန် ၃၀ ရက် ဒီနေ့ မနက် ၉ နာရီမှာ တရုတ်သံအမတ် နေအိမ်မှာပဲ တရုတ်နိုင်ငံရဲ့ ထောက်ပံ့မှုကို လက်ခံရယူခဲ့တယ်လို့ ပြည်တွင်းသတင်းဌာနတချို့မှာ ဖော်ပြကြ ပါတယ်။
အဲဒီအခမ်းအနားမှာ တရုတ်သံအမတ်က မြန်မာနိုင်ငံအတွက် ကာကွယ်ဆေးအလုံးရေ ၅၁ သန်းကို တရုတ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံလမ်းကြောင်းကနေ ထောက်ပံ့ပြီးဖြစ်တယ်လို့ ပြောဆို ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွက် အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီ ပေးရေးကို တရုတ်က တက်တက်ကြွကြွ ထောက်ခံတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြောင်းလဲလာချိန်ကစပြီး တရုတ်နိုင်ငံက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မြှင့်တင်ဖို့အတွက် မြန်မာ၊ အာဆီယံတို့နဲ့ အကြိမ်ကြိမ် ဆက်သွယ်ပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်" လို့ တရုတ်သံအမတ်က ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ဖို့ အပြု သဘောဆောင်တဲ့ အခန်း ကဏ္ဍကနေ အာဆီယံ၊ အခြားမိတ်ဆွေပါတီတွေနဲ့ လက်တွဲ ဆောင်ရွက်မယ်လို့ တရုတ်သံအမတ်က ပြောပါတယ်။
အဲဒီအခမ်းအနားကို အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းအပြင် အာဆီယံအဖွဲ၏ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Ekkaphab Phanthavong ၊ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ တရုတ်သံအမတ် ချန်းဟိုင်၊ ကမ္ဘောဒီးယား သံအမတ် H.E. Mr. CHHOUK Bunna၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံသံရုံးတွေက သံအမတ်တွေနဲ့ ကိုယ်စားလှယ်တွေ၊ ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ အထူးပြုအေဂျင်စီတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ ပြည်တွင်းသတင်းဌာနတွေက ရေးသားကြပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ ပရက်ဆော့ခွန်းဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ဆွေးနွေးခဲ့ပါတယ်။
ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ စစ်ကောင်စီဘက်က မထုတ်ပြန်သေးပါဘူး။
ငါးရက်တာကြာမြင့်မယ့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ဇူလိုင် ၃ ရက်နေ့မှာ အဆုံးသတ်မှာပါ။
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇွန် ၂၈ ရက် ထုတ်ပြန်ချက်မှာတော့ အာဆီယံ အထူးကိုယ်စားလှယ်ဟာ ဒီခရီးစဉ်အတွင်း အာဆီယံ ဘုံသဘောတူညီချက် ငါးချက် တိုးတက်မှုရှိအောင် အကောင်အထည်ဖော်ရေး၊ မေလ ၆ ရက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး၊ အစည်းအဝေး သဘောတူညီချက်တွေကို ရရှိအောင် ဆောင်ရွက်ရေး၊ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာအောင် ကူညီရေးကိစ္စတွေကို လုပ်ဆောင်မယ်လို့ ဖော်ပြခဲ့ပါတယ်။