၆ ပွင့်ဆိုင်ဆွေးနွေးရေး လက်တွေ့ မကျ၊ မဖြစ်နိုင်သေးကြောင်း သမ္မတပြောခွင့်ရသူ ပြောကြား
2014.11.27

ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး တောင်းဆို ထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှု ဟာ လောလောဆယ် ဖြစ်နိုင်မှာမဟုတ်သေးဘူးလို့ သမ္မတ ဦးသိန်းစိန်ရဲ့ပြောခွင့်ရသူ ပြန်ကြားရေး ဝန်ကြီးဦးရဲထွဋ် က ဒီကနေ့ ပြောကြားလိုက်ပါတယ်၊
အစိုးရအနေနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေကို အဖွဲ့အစည်းတွေကို အခြေခံပြီး စဉ်းစားဆောင်ရွက် တာဖြစ်ပေမဲ့ အခု ၆ ပွင့်ဆိုင် တွေ့ဖို့တောင်းဆိုတာဟာ လူပုဂ္ဂိုလ်ကိုအခြေခံတာမို့ လက်တွေ့နဲ့ မနီးစပ်ဘူလို့ ဦးရဲထွဋ်က RFA ကို ပြောပါတယ်။
"ကျနော်တို့အမြင်ကတော့ ချဉ်းကပ်ပုံချင်းက အတော်ကွဲပြားနေတဲ့အတွက်ကြောင့် လောလော ဆယ်တော့ ဖြစ်နိုင်ဦးမယ်မထင်ဘူး၊ ကျနော်တို့ရဲ့ ချဉ်းကပ်ပုံချင်းက အဖွဲ့ကိုအခြေခံပြီးတော့ စဉ်းစားပါတယ်၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရော၊ လွှတ်တော်ရော ချဉ်းကပ်ပုံတွေက ပုဂ္ဂိုလ်ကို အခြေခံတာဖြစ်လေတော့ ကျနော်တို့နဲ့ အတော်ကွာပါတယ်၊ နောက်တစ်ခုက မနေ့ကဆွေးနွေးပွဲမှာ လည်း တိုင်းရင်းသားပါတီထဲက တိုင်းရင်းသားအားလုံးထဲက တစ်ယောက်ဆိုတာက မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကွဲပြားတဲ့တိုင်းရင်းသားတွေ ရှိတဲ့အတွက်ကြောင့်မို့ ကွဲပြားတဲ့အမြင်ကိုပြောနိုင်ဖို့ များများလိုချင်တယ် လို့ပြောတယ်၊ နောက်တစ်ခုက တကယ်ရွေးမယ်ဆိုရင်လည်း လွှတ်တော်ကတင် မဟုတ်ဘဲနဲ့ သူတို့ တိုင်းရင်းသားပါတီတွေအားလုံးက ရွေးတာမျိုးပဲဖြစ်သင့်တယ် သဘောပြောတော့ သူတို့ရဲ့ ၆ ပွင့်ဆိုင်က လက်တွေနဲ့ သိပ်မနီးစပ်ဘူးလို့ ကျနော်တို့ထင်ပါတယ်"
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးနဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေအတွက် ခြောက်ပွင့်ဆိုင်တွေ့ ဆုံ ဆွေးနွေးမှုကို ဆောလျင်စွာပြုလုပ်ရေးအတွက်ဆိုပြီး နိုဝင်ဘာ ၂၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အရေးကြီးအဆို တင်သွင်းခဲ့ပြီး၊ ပြည်ထောင်စု လွှတ်တော်ကလည်း အဲဒီအဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာဖြစ်ပါတယ်။
အဲဒီ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအစီအစဉ်ကို ၄ ပွင့်ဆိုင် တွေ့ဆုံရေးတောင်းဆိုထားတဲ့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သဘောတူလက်ခံကြောင်း ပြောဆိုထားပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ကို RFA သတင်းထောက် မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။