သတ္တုတူးဖော်ခွင့် ပိတ်ပင်ထားမှု ရုတ်သိမ်းဖို့ UWSA စီစဉ်

၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ သတ္တုတူးဖော်ခွင့် ပိတ်ပင်ထားမှုကို ရုတ်သိမ်းဖို့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ပြင်ဆင်နေပါတယ်။

ဝပြည်နယ်ရှိ မန်းမော်သတ္တုလုပ်ကွက်ကို တွေ့ရစဉ်။ ITA

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ သတ္တုတူးဖော်ခွင့် ပိတ်ပင်ထားမှုကို အမြန်ရုတ်သိမ်းဖို့ စီစဉ်နေတယ်လို့ နိုင်ငံတကာသံဖြူထုတ်လုပ်သူများအသင်း ITA က ဖော်ပြပါတယ်။

ဝပြည်နယ်စီးပွားရေးစီမံကိန်းကော်မတီ EPC က ဆွေးနွေးပြီးနောက် သတ္တုတူးဖော်ရေးလုပ်ငန်းစဉ်တွေ အမြန်ဆုံးပြန်လည်စတင်နိုင်ပြီဖြစ်ကြောင်း ကြေညာလိမ့်မယ်လို့ ဆိုပါတယ်။

မိုင်းမော်မှာ တူးဖော်လုပ်ကိုင်လိုတဲ့ ကုမ္ပဏီတွေ အနေနဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့တဲ့ လိုင်စင်သစ်စနစ်အရ လျှောက်ထားရမှာဖြစ်တယ်လို့ လည်း ဆိုပါတယ်။

မိုင်းမော်မှာ လုပ်ငန်းခွင်ဘေးကင်းရေး မြှင့်တင်ဖို့၊ နည်းပညာသစ်တွေကတဆင့် လုပ်ငန်းလည်ပတ်မှု ထိရောက်ဖို့ နဲ့ ဝင်ငွေတိုးမြင့်လာစေဖို့၊ ဝပြည်နယ်အတွင်း သတ္တုတူးဖော်ခြင်းအတွက် ဥပဒေမူဘောင်တွေ ပြုပြင်ပြောင်းလဲဖို့ စတာတွေကို အာဏာပိုင်တွေက ကတိပြုထားတယ်လို့ ဆိုပါတယ်။

အခုလို သတ္တုတူးဖော်ခွင့်ပိတ်ပင်ထားတာကို ရုတ်သိမ်းမယ့်အစီအစဉ်နဲ့ပတ်သက်ပြီး ဝတပ်ဖွဲ့ ပြောခွင့်ရသူ ဦးညီရန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

တွင်းထွက်သယံဇာတတွေတရားမဝင်တူးဖော်နေတာတွေကို တားမြစ်ဖို့ နဲ့ ကျန်သယံဇာတတွေကို ကာကွယ်ဖို့အတွက် ဝတပ်ဖွဲ့က ၂၀၂၃ ဩဂုတ်လ ကစပြီး သတ္တုတူးဖော်မှုတွေ ရပ်ဆိုင်းဖို့ ကြေညာခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org