ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်အရေး NLD ဆောင်ရွက်နိုင်မယ်လို့ UWSA မျှော်လင့်

UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့အနေနဲ့ NLD ပါတီဖွဲ့စည်းမယ့် အစိုးရဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိရေးနဲ့ တိုင်းရင်းသားတွေ မျှော်မှန်းနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် ဆောင်ရွက်နိုင် လိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ ရလဒ်တွေကို စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ UWSA ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။

လက်နက်ကိုင် တိုင်းရင်းသားအများစုက ရွေးကောက်ပွဲမတိုင်ခင် NLD ပါတီကထုတ်ပြန်ထားတဲ့ ရွေးကောက် ပွဲ ကြေငြာစာတမ်းပါ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်မယ်ဆိုတဲ့ ခံယူချက်ကို အားရကျေနပ် ကြကြောင်း၊ အခုရွေးကောက်ပွဲအပြီး အနိုင်ရရှိတဲ့ NLD ပါတီဟာ အစိုးရဖွဲ့ပြီးနောက် ကြေငြာစာတမ်းပါ အတိုင်း ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း UWSA ဝပြည်သွေးစည်းရေးအဖွဲ့က ပြန်ကြားရေး တာဝန်ခံ ဦးကျောက်ကော်ရန်း က စကားပြန်ကတဆင့် RFAကို ပြောပါတယ်။

"သူတို့ဘက်ကတော့ သဘောထားကတော့ အထွေထွေရွေးကောက်ပွဲကို လေးစားပါတယ်၊ တကယ်လို့ ပြည်သူ လူထုတွေ ရွေးချယ်လာတဲ့ဟာတွေဆိုရင် ကျနော်တို့လည်း လေးစားပါတယ်၊ ကျနော်တို့လည်း စောင်ကြည့်နေ ရမှာပေါ့၊ ကျနော်တို့လည်း မျှော်တော့မျှော်လင့်ပါတယ် ဒါပေမဲ့တော့ ဘယ်လိုဖြစ်သွားမှာလဲတော့ ကျနော်တို့ လည်း အခုလောလောဆယ်တော့ ပြောလို့မရသေးပါဘူး၊ စောင့်ပဲ စောင့်ကြည်ရုံပဲ"

UWSA အနေနဲ့ တခြားတိုင်းရင်းသားများနည်းတူ ငြိမ်းချမ်းရေးကိုလိုလားပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးကို အားလုံးနဲ့ လက်တွဲပါဝင်သွားမှာ ဖြစ်တယ်လို့ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ်ထဲက ဝမ်ဆော့ရွာအနီးတစ်ဝိုက်မှာလည်း အစိုးရတပ်နဲ့ SSPP/SSA ရှမ်းပြည် တပ်မတော်တို့ တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်နေတာကြောင့် မိုင်းရှုးမြို့ပေါ်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ တစ်နေ့တစ်ခြား ပိုများလာနေတယ်လို့ မိုင်းရှုးမြို့ဒေသခံတွေက ပြောပါတယ်။

မိုင်းရှုးမြို့ပေါ်မှာ ဒုက္ခသည်ဦးရေ ခုနှစ်ရာကျော်ထိရှိနေပြီဖြစ်ကြောင်း မိုင်းရှုးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ဒေါ်နန်းကောင်ခမ်းက ပြောပါတယ်။

"တိုက်ပွဲအခြေအနေတော့ ဒီနေ့လည်း လက်နက်ကြီးအသံ ထပ်ကြားနေရပါတယ်၊ ၁၂ နာရီလောက်ပေါ့ ကြားနေရတယ် တစ်ချက် တစ်ချက် အဲ့လိုပေါ့၊ ဒုက္ခသည်ကတော့ နေ့တိုင်းတိုးလာပါတယ်၊ ဒီမှာဆို ၇ဝဝ ကျော်လောက်တော့ရှိပြီ၊ ဒုက္ခသည်တွေတော့ တစ်နေ့တခြား များလာတယ်၊ အရင် ယင်းပေါင်ကျောင်းမှာလည်းရှိတယ် ယင်းပေါင်ကျောင်းရဲ့ အနောက်ဘက် ကွင်းပြင်မှာပေါ့၊ အဲ့ဒီမှာ တန်းလျားလေးတွေ ဆောက်ပေးတယ်၊အဲ့ဒီမှာလည်းထားတယ် နောက်ပြီးတော့ ဆင်မရောင်ခြည်ကျောင်းမှာလည်းရှိတယ်၊ အောင်ရတနာကျောင်းမှာလည်းရှိတယ်၊ ကျောင်းကတော့ ၃ ကျောင်းလောက်ရှိပြီ၊ နောက်ပြီးတော့ သူ့အမျိုး ကိုယ့်အမျိုးအိမ်ဆိုတာလည်း အများကြီးပေါ့ လာနေကြတာ၊ အဲ့ဒီအခါကျတော့ ရှမ်းတွေပိုများပါတယ်"

မိုင်းနောင်မြို့မှာဆိုရင်လည်း လက်နက်ကြီးပစ်ခတ်တာတွေ နေ့တိုင်းလိုလိုဖြစ်နေတာကြောင့် ဒေသခံအများစုဟာ မြို့ပေါ်မှာမနေရဲကြတော့ဘူးလို့လည်း ပြောပါတယ်။

ဒီအတွင်း ရှမ်းပြည်အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့အတွက် ပြည်ပရောက် ရှမ်းလူမှုအဖွဲ့အစည်း ၃၂ ဖွဲ့က တိုက်တွန်းတောင်းဆိုတဲ့ စာတစ်စောင်ထုတ်ပြန်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့နေ့လည်က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ဘန်ကောက်မြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အနေနဲ့လည်း အစိုးရကို ဖိအားပေး တိုက်တွန်းပေးဖို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ ခဲ့တယ်လို့ သိရပါတယ်။