ဟိုပန်နဲ့ ပန်လုံကို “ဝ” တပ်ဖွဲ့ထံ စစ်ကောင်စီ လွှဲပြောင်း
2024.01.13

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာရှိတဲ့ ဟိုပန်နဲ့ ပန်လုံမြို့ကို ဇန်နဝါရီလ ၄ ရက်နေ့မှာ စစ်ကောင်စီက UWSA “ဝ” တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့တာလို့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
“ဝ” တပ်ဖွဲ့ဟာ အရင်နှစ်ပေါင်းများစွာကတည်းက ပြည်ထောင်စုအစိုးရထံကနေ ဟိုပန်နဲ့ ပန်လုံဒေသကို ပေးဖို့တောင်းဆိုခဲ့ပေမဲ့ ၂၀၂၄ ခုနစ် ဇန်နဝါရီ ၄ ရက်နေ့မှာ စစ်ကောင်စီက ပေးခဲ့တာလို့လည်း ဆိုပါတယ်။
“ဝ” သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ဟိုပန်နဲ့ ပန်လုံဒေသကို သွားရောက်ပြီး လွှဲပြောင်းလက်ခံခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီအခြေအနေတွေကို အသေးစိတ်သိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း နဲ့ “ဝ” တပ်ဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာမရှိပါဘူး။
အဲဒီအခမ်းအနားကို အရင်က စစ်ကောင်စီခန့်အပ်ခဲ့တဲ့ “ ဝ ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ ဥက္ကဋ္ဌ ဦးညီနပ် ကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ “ဝ” တပ်ဖွဲ့ ထိပ်တန်းအရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
ကိုးကန့်တပ်ဖွဲ့က ဇန်နဝါရီ ၅ ရက်နေ့မှာ ဟိုပန်မြို့ကို သိမ်းယူခဲ့ပြီး ဟိုပန်မြို့နယ်မှာရှိတဲ့ ပန်လုံမြို့မှာပါ “ဝ” တပ်ဖွဲ့က လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်တပ်စွဲခဲ့တာပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း (ပန်ခမ်း) စတဲ့ ခြောက်မြို့ နယ်ကို ၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ခဲ့တာပါ။ အဲဒီအထဲက ဟိုပန်ကို လွှဲပြောင်းပေးလိုက်တာကြောင့် မက်မန်းမြို့နယ်မှာသာ စစ်ကောင်စီ အုပ်ချုပ်ရေးစနစ်ကျန်တော့ပြီး ကျန် ငါးမြို့နယ်ကိုတော့ UWSA ‘ဝ’ တပ်ဖွဲ့က အပြည့်အဝ ထိန်းချုပ်ထားတာပါ။