ဆရာ ဦးဝင်းတင် ရည်စူးပြီး ရက်လည်ဆွမ်းသွပ်ပွဲ ပြုလုပ်
ကွယ်လွန်သူ NLD နာယက ဆရာ ဦးဝင်းတင်ကိုရည်စူးပြီး ရက်လည် ဆွမ်းသွပ်အမျှဝေပွဲတွေကို ဒီကနေ့ ရန်ကုန်မြို့က နေရာ ၃ ခုမှာပြုလုပ်နေကြသလို အမေရိကန်ပြည်ထောင်စုမှာလည်း နေရာ ၂ ခုမှာမနေ့က ကျင်းပခဲ့ကြပါတယ်။
-
2014-04-27 -
-
-
ကွယ်လွန်သူ NLD နာယက ဆရာဦးဝင်းတင်ကို ရည်စူးပြီး ရက်လည်ဆွမ်းသွပ်အမျှဝေပွဲတွေကို ဒီကနေ့ ရန်ကုန်မြို့က နေရာ ၃ ခုမှာပြုလုပ်နေကြသလို အမေရိကန်ပြည်ထောင်စုမှာလည်း နေရာ ၂ ခုမှာ မနေ့က ကျင်းပခဲ့ကြပါတယ်။
ရန်ကုန်မြို့ရွှေဂုံတိုင်လမ်း NLD ဌာနချုပ်မှာကျင်းပတဲ့ ဆွမ်းကျွေးပွဲကို နာယက ဦးတင်ဦး ဦးဆောင် ကျင်းပ နေတဲ့အကြောင်း ကိုရာဇာက RFA ကိုပြောပါတယ်။
"အခုကျနော်တို့ ရုံးချုပ်မှလည်း ဆွမ်းကျွေး အခမ်းအနား လုပ်နေတာ နောက်ပြီးတော့ ဗဟန်းစိန်ချယ်လမ်း အိမ်အမှတ် (၃ဝ) မှာလည်း အဘရဲ့ဦလေး ဦးမျိုးကျော်ပေါ့နော် သူ့အိမ်မှာ လည်းလုပ်တယ် နောက် အဘနောက်ဆုံးနေခဲ့တဲ့ တပင်ရွှေထီးလမ်း ခြံအမှတ် (၁ဝ) ကကျောက်ကုန်းက အိမ်မှာလည်း ဆွမ်းကျွေး တပြိုင်နက်တည်း လုပ်နေတယ် ရုးံချုပ်မှာတော့ (၇)နာရီ က (၁၁)နာရီအထိ အခမ်းအနား သဘောမျိုးလုပ်မယ် ၊ရုံးချုပ်မှာတော့ အခမ်းအနားဆိုတဲ့အခါကျတော့ စကားပြောကြဦးမယ်ပေါ့၊အဘရဲ့ အမှတ်တရကိစ္စလေးတွေရှိမယ် "
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ ဇေတဝန် ဘုန်းကြီးကျောင်းမှာကျင်းပတဲ့ ဆရာ ဦးဝင်းတင်အတွက် ဆွမ်းကျွေးပွဲကို NLD နဲ့ ABSDF အဖွဲ့ဝင်ဟောင်းတွေ၊ တိုင်းရင်းသားတွေအပါ အဝင် မြန်မာနိုင်ငံသား ၆ဝ ခန့်လာရောက်ခဲ့ကြတယ်လို့ ဦးဆောင်ကျင်းပသူတဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်း သူဟောင်း ဒေါ်ခင်စန်းနွယ်က ပြောပါတယ်။
"ဘဘဦးဝင်းတင်ကိုချစ်ကြတဲ့ နိုင်ငံရေးတော်လှန်ရေးသမားတွေ လာကြပါတယ် ကျမတို့အားလုံး တစ်အိမ် တစ်ယောက်တစ်ခွက်ပေါ့နော် အားလုံးစုပြီးတော့ပေါ့နော် စုပေါင်းပြီးတော့ပေါ့နော် ဘုန်းကြီးတွေ (၇)ပါးကို ဆွမ်းကပ်ပါတယ်၊ကျမတို့ အမှတ်တရအောက်မေ့ဖွယ် အခမ်းအနားလေး တစ်ခုကိုလည်းလုပ်လိုက်ပါတယ် ၊ကိုရဲရင့်ကျော်၊ကိုသိန်းအောင်ကျော်ပေါ့နော် သူက ဘဘဦးဝင်းတင် နဲ့အတူ အင်းစိန်ထောင်မှာတိုက်ပိတ်တဲ့ အချိန်မှာပေါ့နော် အင်မတန်ဆိုးတဲ့ ၁၉၉ဝ၊၁၉၉၁ ကာလတွေ မှာ တိုက်ပိတ်ခံရပြီးတော့ အဲ့ဒီအခန်းကျဉ်လေးထဲမှာ ကျားရဲကဗျာကို စပ်ခဲ့ရတဲ့အကြောင်းလေးတွေကို သူကနေရှင်းပြတဲ့အခါ ကျမတို့မှာမျက်ရည်တောင်လည်ရပါတယ် ၊ပြီးတဲ့အခါ ဘဘဦးဝင်းတင်ရဲ့ ကိုယ်ရေးအတ္ထုပတ္တိကို ဖတ်ပါတယ်၊ပြီးတဲ့အခါမှာ NLDLA အတွင်းရေးမှူးဟောင်း လုပ်ခဲ့တဲ့ ဦးတင့်ဆွေကနေပြီးတော့ နိုင်ငံရေးလှှုပ်ခြားမှှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘဘ ဦးဝင်းတင် ပါနေရာပေးပြီးတော့ အင်မတန် လေးစားတယ် ဆိုတာ သူကပြောပြသွားတယ်"
နယူးယောက်ပြည်နယ် အယ်လ် ဘန်နီမြို့ ဓမ္မအောင်မြေဘုန်းကြီးကျောင်းမှာ ပြုလုပ်တဲ့ဆွမ်းကျွေးပွဲနဲ့ ပတ်သက်လို့ လဲ ABSDF ရဲဘော်ဟောင်း ကိုဂျာကြီးက အခုလိုပြောပါတယ်။
"ဘဘကြီးဦးဝင်းတင် ဆုံးသွားတဲ့အပေါ်မှာ ကျနော်တို့ ABSDF ရဲဘော်ဟောင်းတွေရယ် ၊နိုင်ငံရေး အကျဉ်း သားဟောင်းတွေရယ်၊လူ့ဘောင်းသစ်ပါတီက ရဲဘော်ဟောင်းတွေရယ် အကုန်လုံးစုပြီးတော့ ဘုန်းကြီးကျောင်းနှစ်ကျောင်းမှာ ဘဘကြီးဦးဝင်းတင်အတွက်ကို ကောင်းမှှုကုသိုလ်ပြုလုပ်ပါတယ် အခမ်းအနားမှာဘဘကြီးဦးဝင်းတင်ကို ဂုဏ်ပြုသောအားဖြင့် လေးစားသောအားဖြင့် ကျနော်တို့ တစ်မိနစ် ငြိမ်သက်ပြီးတော့ ဦးညွတ် ဂုဏ်ပြုကြတယ်ပေါ့ နောက်ဆုံးကျနော်တို့ ဓမ္မအောင်မြေ ဆရာတော်ဘုရားက ဘဘဦးဝင်းတင်ဖောင်ဒေးရှင်းက ချမှတ်ထားတဲ့ အလှူငွေတွေကိစ္စနဲ့ ပတ်သက်ပြီးတော့ ကောက်ခံပါတယ် အဲ့မှာရောက်လာကြတဲ့ တက်နိုင်သလောက် ကျနော်တို့ ရဲဘော်တွေကနေပြီး ဘဘဦးဝင်းတင်ဖောင်ဒေးရှင်း အတွက်ကို အလှူငွေတွေ ထည့်ကြပါတယ်"
အလားတူ ဒီနေ့ညနေမှာ အမေရိကန်ပြည်ထောင်စုမေရီလန်းပြည်နယ်မှာနေထိုင်တဲ့ မြန်မာတွေကလဲ ဆရာ ဦးဝင်းတင်အတွက် ဆွမ်းကပ်ကြမှာဖြစ်သလို ၊ အခြား နိုင်ငံတချို့မှာလဲ ဆွမ်းကျွေးပွဲပြုလုပ်ကြမယ် လို့သိရပါတယ်။