ရခိုင်လူမှုရေးခေါင်းဆောင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆို
2017.10.25
လူမှုရေးလုပ်ငန်းတွေလုပ်နေတဲ့ Rakhine Development Foundation ရဲ့ ဥက္ကဌ ဦးဦးချစ်မောင်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အာဏာပိုင်တွေက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ စွဲချက်တင်လိုက်ပါတယ်။
ဦးဦးချစ်မောင်ကို ပြီးခဲ့တဲ့ ရက်သတ္တပါတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ထောက်လှမ်းရေးတွေက ဖမ်းဆီးခဲ့ပြီးနောက် အခုလို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲချက်တင် လိုက်တာဖြစ်တယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ အဖွဲ့ဝင်ခေါင်းဆောင်တဦးဖြစ်တဲ့ ဇနီးဖြစ်သူ ဒေါ်စောမြရာဇာလင်းက RFA ကို ပြောပါတယ်။
"အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့လို့ ကြားသိရပါတယ်၊ အမှန်က သူက ဘာအကြမ်းဖက်မှုနဲ့မှ မပတ်သက် ဘူး၊ ကျမကိုအကြောင်းပြုပြီးတော့မှ စွဲဖို့အတွက်ကို ရခိုင်အုပ်စုတစ်စုကနေ ထောက်လှမ်းရေးတွေကိုတိုက်လို့ အဲ့လိုမျိုးလုပ်ရတာဖြစ်တယ်ဆိုတာ ကျမတို့သိရပါတယ်၊ ကျမဆိုလို့ရှိရင် စစ်တကောင်းတောင်တန်းဒေသကို ကျမက မတရားလုပ်တဲ့လူတစ်ယောက်ဆိုတာ ပုံစံမျိုးနဲ့ သူ့ကို ကျမနဲ့ဆက်စပ်ပါတယ်ဆိုပြီးတော့မှ လုပ်လိုက်တဲ့ ပုံစံမျိုးလို့ ကျမကြားသိရပါတယ်"
ဦးဦးချစ်မောင်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွားတဲ့ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လည်းဖြစ်သည်။
ပြီးခဲ့တဲ့ သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းထဲ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု ပြသနာအပြီး ဘဂ်လားဒေ့ရှ်နိုင်ငံ ဘက်ကို ထွက်ပြေးသူ အရေအတွက်ဟာ ၆ သိန်းကျော်ရှိနေပြီလို့ ကုလသမဂ္ဂအဖွဲ့ကြီးက စာရင်းထုတ်ပြန်ထားပါတယ်။